သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ရိုဟင်ဂျာဒုက္ခသည်များ တွေ့ခွင့်မရလို့ ကုလစိတ်ပူ


ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အခုအချိန်အထိ တွေ့ခွင့်မရသေးတဲ့အတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောလိုက်ပါတယ်။ ထိုင်းရေပိုင်နက်ထဲကို တရားမဝင် လှေစီးဝင်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂၆ ယောက်နဲ့ UNHCR ကတွေ့ဆုံခွင့်ကို ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက တောင်းဆိုထားပေမယ့် အခုအချိန်အထိ ထိုင်းအစိုးရဘက်က တရားဝင်တုံ့ပြန်မှု မရသေးဘူးလို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရသူ ကစ်တီ မက်ကင်ဆီက ပြောပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

“ထိုင်းနိုင်ငံထဲမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာဒုက္ခသည်အားလုံးနဲ့ တွေ့ခွင့်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပေမယ့် အခုအချိန်အထိ မရသေးဘူး။ ဒီရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ မျိုးစုံပြောနေကြတာကိုလည်း UNHCR က အင်မတန် စိုးရိမ်တဲ့အတွက် ဒုက္ခသည်တွေနဲ့ တိုက်ရိုက် တွေ့ဆုံလိုတာဖြစ်တယ်” လို့ မစ္စမက်ကင်ဆီက ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလို့ဆိုတဲ့ ရိုဟင်ဂျာ ၁,၀၀၀ လောက်ဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ရေလမ်းကနေ ဝင်လာခဲ့တာကို ထိုင်းရေတပ်က ဖမ်းမိပြီး တချို့ကို ဖမ်းထားကာ၊ တချို့ကိုတော့ အင်ဂျင်စက်ဖြုတ်ထားတဲ့လှေတွေနဲ့ ပင်လယ်ထဲကို အတင်းပြန်ပို့ခဲ့ပါတယ်။ သူတို့ကို အိန္ဒိယနဲ့ အင်ဒိုနီးရှားရေတပ်တို့က ကယ်တင်ခဲ့ရပါတယ်။ ရိုဟင်ဂျာ ၃၀၀ လောက်ဟာလည်း လမ်းခရီးမှာပဲ အစာရေစာပြတ်လပ်ပြီး သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေ ပေါ်ထွက်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ထိုင်းနိုင်ငံခြားရေးဌာန ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူးချုပ် တာရစ် ချာကိုဝပ်ကတော့ သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

“ထိုင်းအစိုးရအနေနဲ့ UNHCR ဌာနေရုံးနဲ့ရော ဆွစ်ဇာလန်မှာရှိတဲ့ ရုံးချုပ်နဲ့ပါ ဆွေးနွေးနေပါတယ်။ ဒုက္ခသည်တွေ ခံစားနေရတာကို ထိုင်းနိုင်ငံက စာနာပေမယ့် ကုလသမဂ္ဂအနေနဲ့ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို လေးစားဖို့” လည်း ပြောသွားပါတယ်။

အခုလို ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ကလို့ ပြောနေပေမယ့် ဒီဒုက္ခသည်တွေကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းမှာရှိတဲ့ မြန်မာသံရုံးဘက်က တစုံတရာဆောင်ရွက်ခြင်း ရှိမှာမဟုတ်ဘူးဆိုတာကို UNHCR အာရှဒေသဆိုင်ရာ ပြောခွင့်ရသူ ကစ်တီ မက်ကင်ဆီက အခုလိုပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံသားတွေ မဟုတ်ပါဘူးလို့ မြန်မာအစိုးရက အရင်ကတည်းက ပြောထားတဲ့အတွက် ထိုင်းမှာရှိတဲ့ မြန်မာသံရုံးက ဒီကိစ္စမှာ တစုံတရာ ပါဝင်ပတ်သက်မယ်လို့ မမြင်ကြောင်း” မစ္စမက်ကင်ဆီက ပြောသွားပါတယ်။

မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေမှာသွားပြီး တရားမဝင် အလုပ်လုပ်နိုင်ဖို့အတွက် ရေလမ်းကနေ ခိုးဝင်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG