သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဒေသတွင်း ဆွေးနွေးပွဲခေါ်ဖို့ ထိုင်းဝန်ကြီးချုပ် တောင်းဆို


မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ထိုင်းရေတပ်က ပင်လယ်ထဲမှာ မောင်းထုတ်ပစ်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေလို့ သက်ဆိုင်ရာနိုင်ငံတွေ ဝိုင်းဝန်းပူးပေါင်းကြဖို့ တိုက်တွန်းနေချိန်မှာပဲ ဒုက္ခသည်တွေဟာလည်း တဖွဲဖွဲနဲ့ ဆက်ရောက်လာနေဆဲပါ။ အခုလည်းပဲ ဒီပြဿနာကို ဒေသတွင်း အတိုင်းအတာနဲ့ ပူးပေါင်းဖြေရှင်းဖို့ ထိုင်းအစိုးရက တိုက်တွန်းနေချိန်မှာပဲ လှေစီးဒုက္ခသည် ရိုဟင်ဂျာတွေကိုလည်း ထပ်ပြီး ဖမ်းဆီးမိနေတာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေ လှေငယ်တွေနဲ့ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာကို ထိုင်းအစိုးရက ဒေသတွင်းနိုင်ငံတွေပါ ပါဝင်ပူးပေါင်း ဖြေရှင်းကြဖို့ ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းလိုက်ချိန်မှာပဲ နောက်ထပ် ဒုက္ခသည်တသုတ်ကိုလည်း ထိုင်းရေတပ်က ဖမ်းဆီးမိခဲ့တာပါ။ အခုနောက်ဆုံးဆိုရင်လည်းပဲ ရိုဟင်ဂျာ နောက်ထပ် ၇၈ ယောက်ကို ထိုင်းနိုင်ငံ အနောက်တောင်ဘက်က အန်ဒမန် ပင်လယ်ထဲမှာ ထိုင်းရေတပ်က ဖမ်းဆီးမိခဲ့ပါသေးတယ်။ ဒီလို ရိုဟင်ဂျာတွေ တဖွဲဖွဲထပ်ရောက်နေသလို အစောပိုင်းတုန်းက ပင်လယ်ပြင်မှာ ဖမ်းဆီးမိတဲ့သူတွေကိုလည်း ထိုင်းစစ်တပ်က လူမဆန်အောင် ပြုမူဆက်ဆံတာတွေရှိခဲ့တယ်၊ တချို့ဆိုရင်လည်း ပယ်လယ်ပြင်မှာ သေကျေဆုံးပါးတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး စိုးရိမ်ပူပန်သံတွေလည်း ထွက်ပေါ်လာတာပါ။ ဒီအတွက် အခုနောက်ဆုံး ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်တွေအားလုံးကို တွေ့ဆုံပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ပြောခွင့်ရအမျိုးသမီး ကစ်တီ မက္ကင်းဇီးက ပြောပါတယ်။

“နောက်ထပ် ရိုဟင်ဂျာ ၇၈ ယောက်ကို ထိုင်းရေတပ်က ဖမ်းဆီးလာပါတယ်၊ မနေ့ညပိုင်းကပါ။ လတ်တလောမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ပြီးတော့ ဒီကိစ္စကို စကားပြောဖို့လည်း လုပ်နေပါတယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့လည်း ကြိုးပမ်းနေပါတယ်။ အခုအချိန်အထိတော့ ဘာမှ အကြောင်းမထူးသေးပါဘူး။”

အခုလို ထိုင်းနိုင်ငံထဲ ရိုဟင်ဂျာတွေ ထွက်ပြေးလာနေတဲ့ကိစ္စကို မဖြေရှင်းနိုင် ဖြစ်နေရတာ၊ နိုင်ငံတကာ သတင်းမီဒီယာတွေမှာလည်း ထိုင်းစစ်တပ်က အနိုင့်အထက် ပြုကျင့်ခဲ့တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေချိန်မှာ ထိုင်းအစိုးရကလည်း ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပန်နီတန် ဝပ်တန်ညာဂွန် (Panitan Wattanyagorn) က ပြောပါတယ်။

“တိုးတက်မှုတချို့ ရှိလာနေတယ်။ ဒီအထဲမှာ တခြားအစိုးရတွေနဲ့ပါ တွေ့ဆုံမှုတွေ ပါတဲ့အကြောင်း” ပြောခွင့်ရပုဂ္ဂိုလ်က ဆိုခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ (Abhisit Vejjajiva) ကိုယ်တိုင်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသတွင်းဆိုင်ရာ ကိစ္စတခုအဖြစ် သက်ဆိုင်ရာနိုင်ငံတွေ ပူးပေါင်းပါဝင် ဆွေးနွေးတာတွေ လုပ်သွားဖို့ နှိုးဆော်ခဲ့တာပါ။ အစောပိုင်းမှာတုန်းက ထိုင်းအစိုးရက ရိုဟင်ဂျာတွေအပေါ် မတော်မတရား ဆက်ဆံတယ်ဆိုတဲ့ သတင်းတွေကို မဟုတ်ပါဘူးဆိုပြီး ငြင်းပယ်ထားတာရှိပေမယ့် အခုလို ထိုင်းအစိုးရဘက်က ကြိုးပမ်းမှုတွေ ထွက်ပေါ်လာတဲ့ အပေါ်မှာတော့ UNHCR က ကြိုဆိုခဲ့တာပါ။

“သတင်းဌာနတွေကို မှတ်ချက်ပေးပြောဆိုတဲ့နေရာမှာ သူက UNHCR ကို အတိအကျ ထည့်ပြောသွားပါတယ်။ ဒီစိတ်ကူးအတွက်လည်း ကျမတို့ တကယ့်ကို ကြိုဆိုပါတယ်။ UNHCR အနေနဲ့က ထိုင်းအပါအဝင် ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေကို ဒေသဆိုင်ရာ ကိစ္စတခုအဖြစ်နဲ့ ကိုင်တွယ်ကြဖို့ တိုက်တွန်းနေတာလည်း ကြာပါပြီ။ အခု ထိုင်းအစိုးရက ရိုဟင်ဂျာတွေ ဘာကြောင့် အခုလို ထွက်ပြေးလာနေရသလဲ၊ သူတို့ အသက်စွန့်ပြီး လှေငယ်လေးတွေနဲ့ ပင်လယ်ပြင်ထဲကို ဘာလို့ထွက်လာရတာလဲဆိုတဲ့ အခြေခံအကြောင်းတွေနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ ဆွေးနွေးပွဲလုပ်ဖို့ ပြောတာကို ကြိုဆိုရမှာပါ။”

ထိုင်းအစိုးရကတော့ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့ ဆက်နွယ်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေပါ ပါဝင်ဆွေးနွေးဖို့ တိုက်တွန်းထားတာပါ။ ဒါပေမယ့်လို့ ဒီနိုင်ငံတွေဟာ တကယ်တမ်းမှာတော့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေတော့လည်း မဟုတ်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ တွေ့ဆုံခဲ့ပြီး ပြန်ရောက်လာတဲ့ ထိုင်းစစ်တပ် ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီ ဂျာဂါဘာတရာ (Songkitti Jaggabatara) ကို ကိုးကားပြီးတော့ ထိုင်းသတင်းစာတွေမှာ ဖော်ပြခဲ့တာကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရ သတင်းစာတွေမှာတော့ ဒီလိုလာရောက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ရေရေရာရာ ရေးသားထားတာမျိုး မတွေ့ရသလို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင်ဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာကို ဖော်ပြတာမျိုးလည်း မတွေ့ရပါဘူး။

အခုနောက်ဆုံး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တရပ်အရ သိရတာကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယိုမြာ (Kasit Piromya) က ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသံရုံးတာဝန်ခံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ တွေ့ဆုံပြီးတော့ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်းနိုင်ငံတွေကို ရိုက်ခတ်မှုတွေ ရှိနေပြီးတော့ ထိုင်းနိုင်ငံမှာဆိုရင် တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေဟာ ခန့်မှန်းခြေ ၂၀,၀၀၀ လောက်အထိ ရှိနေပြီလို့လည်း ပြောပါတယ်။

ဒီလူတွေဟာ ဆိုရင်လည်း စီးပွာရေး အခြေအနေအရ ရွှေ့ပြောင်းလာသူတွေဖြစ်တာမို့ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ ပြဋ္ဌာန်းချက်အရ မူလနိုင်ငံမှာ စိုးရိမ်ကြောင့်ကြရတဲ့အတွက် ထွက်ပြေးလာသူ ဒုက္ခသည်တွေအဖြစ် မသတ်မှတ်နိုင်ဘူးလို့လည်း တုန့်ပြန်ခဲ့ပါတယ်။ လောလောဆယ် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းသွားနိုင်ဖို့အတွက်ကတော့ ၆ နိုင်ငံ ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံက ကမကထလုပ်ကျင်းပဖို့ ထိုင်းအစိုးရဖက်က အဆိုပြုခဲ့ပြီး ဒါကိုလည်း ကျန်နိုင်ငံတွေက ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့လည်း ဒီနေရမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်မှာ ဖြစ်တယ်ဆိုပြီးတော့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့လည်း ဒီနေရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်မှာဖြစ်တယ် ဆိုပြီးတော့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG