သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲကိစ္စ အန်န်အယ်လ်ဒီ ဂမ်ဘာရီနဲ့ ဆွေးနွေးမှာမဟုတ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို လာမယ်ဆိုရင် မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာမဟုတ်တဲ့အကြောင်း အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

မစ္စတာဂမ်ဘာရီက အန်န်အယ်လ်ဒီကို အကြောင်းကြားထားတဲ့စာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဆွေးနွေးမယ့် အကြောင်းအရာထဲမှာ ထည့်သွင်းထားပါတယ်။ ဒီအချက်က ဆွေးနွေးမယ့်အကြောင်းအရာ မဟုတ်ဘူးလို့ ဦးဝင်းတင်က ဗွီအိုအေကို ပြောပါတယ်။

“မစ္စတာဂမ်ဘာရီ လာမယ်ဆိုရင် သူက ဒီနေ့အထိ ကျနော်တု့ိ အန်န်အယ်လ်ဒီနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ အခုထိ သူ့ရဲ့စကားက သူ နဂိုတုန်းက သယ်ဆောင်လာခဲ့တဲ့ အချက် ၅ ချက်ပေါ့၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ စီးပွားရေးကိစ္စ၊ ရွေးကောက်ပွဲသန့်ရှင်းရေး စတဲ့ အချက် ၅ ချက်ကို တင်လာတယ်။ ကျနော်တို့ဘက်က ရွေးကောက်ပွဲ သန့်ရှင်းရေးကိစ္စကို ပယ်ပြီးသား၊ ပစ်ပြီးသားဗျ။

“ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဆိုတာ မစဉ်းစားရင် ရွေးကောက်ပွဲဆိုတာလည်း ကျနော်တို့က လုံးဝမစဉ်းစားဘူး၊ လုံး၀ ခေါင်းထဲမှာထည့်ပြီး မပြောဘူး။ ဒီဟာကို လာပြီး သန့်ရှင်းဖို့တို့ ဘာတို့ ပြောစရာအကြောင်းကို မရှိဘူး။ ကျနော်တို့က ပယ်ပြီးသား။ တကယ်ပြောရင် မစ္စတာဂမ်ဘာရီ လာရမှာ ၄ ချက်ပဲရှိတော့တယ်။ မူလခရီးစဉ်ရဲ့ အစီအမံနဲ့ ၄ ချက်၊ သူက အခု ကျနော်တို့ဆီကို စာရေးတဲ့အခါ ၅ ချက်ဆိုပြီး ရေးတဲ့အခါကြတော့ ကျနော်တို့အဖို့ကတော့ အဓိပ္ပာယ်မရှိဘူး။”

မစ္စတာဂမ်ဘာရီနဲ့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ တွေ့ဆုံမယ်ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့လည်း အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေလည်း တွေ့ဆုံခွင့်ပေးရမှာ ဖြစ်တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။ ဒီအချက်က ကြိုတင်သတ်မှတ်ချက်တခုလို့ သူက အခုလိုပြောပါတယ်။

“ကျနော်တို့ အခု ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဂမ်ဘာရီနဲ့ တွေ့ဆုံဖို့အတွက် ကျနော်တို့ စီအီးစီအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ခွင့်ပြုပါ၊ ခွင့်ပေးပါ၊ စီမံပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့သမျှကိစ္စ၊ ဂမ်ဘာရီနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှု၊ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်အကျိုးဆောင်မှု ဆိုတဲ့ကိစ္စတွေ အကုန်လုံးက သူတို့အတွက်ကတော့ ပြီးပြတ်နေပြီ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ် အသစ်တရပ်ကို ချမှတ်ဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့ တွေ့ဆုံဖို့လိုတယ်၊ ဆွေးနွေးဖို့လိုတယ်၊ ညှိနှိုင်းဖို့လိုတယ်။ အဲဒါတွေ ညှိနှိုင်းဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဒီတွေ့ဆုံမှုက ကျနော်တို့နဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံမှုရဲ့ ကြိုတင်စီမံချက်တခုလို့ပဲ ပြောရမှာပဲ။”

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို ပြန်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG