သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမတ်ဝန်ကြီး မြန်မာခရီးစဉ် ဥရောပသမဂ္ဂ ဘုံသဘောတူညီချက်ကို ချိုးဖောက်ဟု ဝေဖန်ခံရ


ဥရောပနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံနဲ့ နော်ဝေးနိုင်ငံက နိုင်ငံခြားရေးဌာန အဆင့်မြင့်ဝန်ကြီးနှစ်ဦး မြန်မာနိုင်ငံကို သွားရောက်မှုဟာ ဥရောပသမဂ္ဂရဲ့ ဘုံရပ်တည်ချက်ကို ထိခိုက်စေတယ်လို့ ဥရောပအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဝေဖန်လိုက်ပါတယ်။ ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးကတော့ ဒါဟာ လူသားချင်း စာနာကူညီရေးအတွက် ခရီးစဉ်ပဲဖြစ်ပြီး နိုင်ငံရေးနဲ့ မပတ်သက်ပါဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒိန်းမတ်နိုင်ငံခြားရေးဌာန ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး အူလာ တိုရာစ် (Ula Toraes) နဲ့အတူ နော်ဝေးနိုင်ငံခြားရေးဌာန ပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး အီးရစ်ခ် ဆိုလ်ဟိမ်း (Erik Solheim) လည်းပါသွားပြီး မြန်မာနိုင်ငံကို ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ နှစ်ရက်ကြာ သွားရောက်ခဲ့ကြတာပါ။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဒိန်းမတ်နိုင်ငံခြားရေးဌာနကို ဆက်သွယ်မေးမြန်းတော့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဒီခရီးစဉ်ဟာ လူသားချင်း စာနာကူညီမှုလုပ်ငန်း သက်သက်အတွက်သာဖြစ်တယ်လို့ ပြောပါတယ်။

“အခု ဒိန်းမတ်ဝန်ကြီးနဲ့ နော်ဝေး၀န်ကြီးတို့နှစ်ဦးရဲ့ ခရီးစဉ်ဟာ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေအတွက် သက်သက်ဖြစ်တယ်၊ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေအတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုခရီးစဉ်မှာတော့ နာဂစ်မုန်တိုင်းသင့်ဒေသကို ဒီဝန်ကြီးနှစ်ဦး သွားရောက်ခဲ့သလို ဒီအခြေအနေ သုံးသပ်မှုအပေါ်ကြည့်ပြီး နောက်ပိုင်း လိုအပ်ချက်တွေအတွက် ကူညီထောက်ပံံ့ဖို့ ဆုံးဖြတ်ရမှာဖြစ်တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။ ဒါပေမယ့်လည်း အခုလို နာဂစ်အထောက်အပံ့ အကူအညီတွေ ပေးတာတပိုင်း၊ ဝန်ကြီးနှစ်ဦး မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်တာကတော့ အချိန်အခါ မသင့်ဘူးလို့ ယူဆတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေလည်း ရှိပါတယ်။

ဥရောပသမဂ္ဂမှာတော့ မြန်မာနိုင်ငံက စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်နဲ့ မိသားစုဝင်တွေ ဥရောပထဲ ဝင်ရောက်ခွင့်ဗီဇာ ပိတ်ပင်ထားသလို ဥရောပဘက်ကလည်း မြန်မာနိုင်ငံကို အဆင့်မြင့်ခေါင်းဆောင်ခရီးစဉ်တွေ သွားရောက်တာမလုပ်ဘဲ မြန်မာအစိုးရအပေါ် ဒဏ်ခတ်ထားပါတယ်။

ဥရောပတလွှား မြန်မာ့ဒီမိုကရေစီရေးအတွက် လှုံ့ဆော်နေတဲ့ ဗြိတိန်မှာအခြေစိုက်တဲ့ Burma Campaign UK ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ မာ့ခ် ဖာမနာ (Mark Farmaner) ကတော့ အခု ဒီခရီးစဉ်ဟာ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် ဘုံရပ်တည်ချက်ကို ချိုးဖောက်တာပဲလို့ ဝေဖန်လိုက်ပါတယ်။

“ဒိန်းမတ်နိုင်ငံဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပါ။ ဒါကြောင့် အခု ဒိန်းမတ်ဖွံ့ဖြိုးရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဥရောပသမဂ္ဂရဲ့ ဘုံရပ်တည်ချက်ကို ချိုးဖောက်တာပါ။”

ဥရောပသမဂ္ဂထဲမှာလည်း တကယ်တော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘုံရပ်တည်ချက် ရှိရမယ်ဆိုပေမယ့် သဘောကွဲလွဲချက်တွေတော့ မြင်နေရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထောက်အပံ့ အကူအညီပေးရေး ကိစ္စတွေမှာ အားသန်ပြီး မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်လိုသူတွေရှိသလို မြန်မာစစ်အစိုးရကို အပြောင်းအလဲအတွက် အပြင်းအထန် ဖိအားပေးသွားလိုတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ မကြာခင်နှစ်မှာ ကျင်းပတော့မယ့် မြန်မာအစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာလည်း မတူတဲ့အမြင်တွေရှိတယ်လို့ မာ့ခ် ဖာမနာက ပြောပါတယ်။ ဒါကြောင့်လည်း အခုလို ဒိန်းမတ်ကစတဲ့ လုပ်ရပ်ကြောင့် ဥရောပထဲမှာ မြန်မာနဲ့ပတ်သက်လို့ သဘောကွဲလွဲမှု ကြီးလာမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် ဘုံရပ်တည်ချက်ကို ချိုးဖောက်တာကြောင့် ဥရောပထဲမှာ သဘောကွဲလွဲလာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဖိအားတွေပေးဖို့ ကျနော်တို့ လိုလားပါတယ်။ စစ်အစိုးရဟာ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်တွေကို လျစ်လျူပြုပြီးတော့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေပါတယ်။ ဒီရွေးကောက်ပွဲကလည်း ဘာမှ အပြောင်းအလဲဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒိန်းမတ်နဲ့ တချို့နိုင်ငံတွေက ဒီရွေးကောက်ပွဲကို အပြုသဘောခြေလှမ်းလို့ ရှုမြင်နေပါတယ်။”

နိုင်ငံရေးကိစ္စတွေအပြင် တဖက်မှာတော့ မြန်မာပြည်သူတွေရဲ့ အခက်အခဲ၊ ဖွံ့ဖြိုးမှုနိမ့်ကျတာတွေကြောင့် နိုင်ငံတကာရဲ့ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတာတော့ အမှန်ပါ။ ဒီအတွက်လည်း နိုင်ငံတကာမှာ တဖက်က နိုင်ငံရေးအရ အပြောင်းအလဲဖြစ်ဖို့ စစ်အစိုးရကို နားချ ဖိအားပေးနည်းတွေ သုံးရချိန်မှာပဲ တဖက်မှာလည်း မြန်မာလူထုအခြေအနေ ဒီထက်မဆိုးလာစေဖို့ လူသားချင်း စာနာကူညီရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ပေးနိုင်မလဲ၊ နည်းလမ်းတွေ ရှာဖွေလာကြပါတယ်။ ဒါပေမယ့်လည်း ပြဿနာကတော့ အစိုးရကိုယ်တိုင်က ဒီအကူအညီတွေပေးရေးကို အတားအဆီးလုပ်နေတာပဲလို့ မာ့ခ်က ပြောပါတယ်။

“မြန်မာပြည်သူတွေ အကူအညီလိုနေတယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း ပြဿနာက စစ်အစိုးရက ဒီအကူအညီတွေကို ကန့်သတ်မှုတွေ လုပ်နေတာပါ။ ကျနော်တို့ဘက်က ဒီအတားအဆီး အကန့်အသတ်တွေ ပယ်ဖျက်အောင် ဖိအားပေးဖို့ လိုပါတယ်။ အခုခရီးစဉ်ကတော့ ဒိန်းမတ်အစိုးရထဲက အဆင့်နိမ့်ဝန်ကြီးတဦးရဲ့ ခရီးစဉ်ဆိုတာကြောင့် စစ်အစိုးရဘက်က အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ခွင့်ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီကနေ ရလဒ်ကောင်းတွေလည်း ရမယ်လို့မထင်ပါဘူး။”

အခု ဒိန်းမတ်ဝန်ကြီးနဲ့ နော်ဝေး၀န်ကြီးတို့နှစ်ဦး မြန်မာနိုင်ငံသွားတဲ့ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ ဒိန်းမတ်နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။ သူတို့ဟာ နာဂစ်ဖြစ်ခဲ့တဲ့နေရာတွေကို ကိုယ်တိုင်သွားကြည့်ပြီး နောက်ထပ် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို ကွင်းဆင်းလေ့လာခဲ့ကြတာလို့ ပြောပါတယ်။ မြန်မာအစိုးရ သတင်းစာမှာတော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေနဲ့ တွေ့ဆုံဆွေးနွေးတာကို ဖော်ပြပါတယ်။ ဒါဟာ မြန်မာအစိုးရဘက်က သက်သက်ဝါဒဖြန့်ချိဖို့ ကြိုးစားတာလို့ ယူဆကြသလို ဥရောပထဲမှာတော့ ဒီခရီးစဉ်ဟာ လူထုကို ဖိနှိပ်တဲ့စစ်အစိုးရကို တရားဝင်မှုပေးသလို ဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG