သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနယ်ခြား ဖွင့်ပေးဖို့ အစ္စရေးလ်ကို အမေရိကန်သံတမန် တောင်းဆို


အမေရိကန်သမ္မတသစ် ဘရက်ခ် အိုဘားမား (Barack Obama) က အမေရိကန်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန်အဖြစ် မကြာခင်ကပဲ ခန့်အပ်လိုက်တဲ့ မစ္စတာ ဂျော့ချ် မစ်ချဲလ် (George Mitchell) ဟာ လောလောဆယ် အရှေ့အလယ်ပိုင်းဒေသကို ခရီးထွက်နေပါတယ်။ မစ္စတာမစ်ချဲလ်ရဲ့ အဓိကတာဝန်ကတော့ အစ္စရေးလ်နဲ့ ပါလက်စတိုင်း ပဋိပက္ခချုပ်ငြိမ်းရေး အဖြေရှာနိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာမစ်ချဲလ် အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့အချိန်မှာပဲ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား တိုက်ပွဲသစ်တွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် လူးဝစ္စ ရာမီရက်ဇ် (Luis Ramirez) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်တို့က အစ္စရေးလ်ဘက်ကို နောက်ထပ် အမြောက်တွေ ပစ်လိုက်ပါတယ်။ ဒါဟာ ဒီရက်အတောအတွင်းမှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒါကို အစ္စရေးလ်တို့ဘက်က ဂါဇာတောင်ပိုင်းဒေသကို လေကြောင်းတိုက်ပွဲနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။ လက်နက်တွေထားရှိတဲ့နေရာကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူတဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း အရာရှိတွေက ဆိုပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားက ခန့်အပ်ထားတဲ့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာမစ်ချဲလ် ဒေသတွင်း ခရီးပြုနေတုန်း ခုလို တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အစ္စရေးလ်ခေါင်းဆောင်တွေနဲ့ တွေ့ပြီးနောက် မစ္စတာမစ်ချဲလ်ဟာ ဂျော်ဒန်မြစ်အနောက်ဘက် West Bank မှာရှိတဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်ဒ် အဘတ်စ် (Mahmoud Abbas) နဲ့ တခြား ပါလက်စတိုင်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ West Bank ရဲ့မြို့တော် ရာမာလာ (Ramallah) မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ မစ္စတာမစ်ချဲလ်က အစ္စရေးလ်တို့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသက နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

“ဂါဇာဒေသမှာရှိတဲ့ တရားမဝင် လက်နက်ခိုးသွင်းမှုကို အောင်မြင်စွာ ကာကွယ်နိုင်ဖို့အတွက် တရားဥပဒေနဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ အဲသလို အခွင့်ပေးတဲ့အခါမှာလည်း ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ အခန်းကဏ္ဍလည်း ပါဝင်သင့်ပါတယ်။”

အစ္စရေးလ်တို့က ဟားမတ်စ်တို့အနေနဲ့ သူတို့ ၂၀၀၆ ခုနှစ်တုန်းက ဖမ်းထားတဲ့ အစ္စရေးလ်စစ်သားတဦးကို ပြန်မလွှတ်ပေးသ၍ ဂါဇာဒေသရဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မစ္စတာမစ်ချဲလ်ရဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ခရီးစဉ်မှာ ဟားမတ်စ်ကိုယ်စားလှယ်တွေနဲ့တော့ မတွေ့ခဲ့ပါဘူး။

ဂါဇာမြို့က ဗွီအိုအေသတင်းထောက် မိုဟာမက်ဒ် ဒါဝပ်စ် (Mohammed Dawwas) ရဲ့ အဆိုအရ ဂါဇာဒေသခံတွေအနေနဲ့ အမေရိကန်သံတမန်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး သိပ်မမျှော်လင့်ကြဘူးလို့ အခုလိုပြောပါတယ်။

“သူတို့မှာ အရင်က အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ အထူးသံတမန်တွေ ဒီကို ခဏခဏ လာနေကြပေမယ့် ဘာတခုမှ မပြောင်းလဲဘူး။ ပါလက်စတိုင်းကိစ္စကို ဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ ဘယ်အမေရိကန် အထူးသံတမန်ကမှ ခုချိန်ထိ ဘာကိုမှ အောင်မြင်အောင် မစွမ်းဆောင်နိုင်သေးဘူး။ ဂါဇာက လူအများကတော့ မစ္စတာမစ်ချဲလ်ရဲ့ ခရီးစဉ်အပေါ် ယုံကြည်မှုမရှိကြတာကတော့ အမှန်ပါပဲ။”

တချိန်ထဲမှာပဲ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီရာ (Ismail Haniyeh) က အစ္စရေးလ်တို့ရဲ့ ၂၂ ရက်ကြာ ထိုးစစ်ဆင်ပွဲ ရပ်ဆိုင်းခဲ့ပြီးနောက် အာရပ်စကားပြော အယ်လ်-ဂျာဇီးယား သတင်းဌာနနဲ့ ပထမဆုံးအကြိမ် အမေးအဖြေ လုပ်ခဲ့ပါတယ်။

သူ အာရပ်ဘာသာစကားနဲ့ ပြောသွားတာကတော့ အမေရိကန်ဟာ အာရပ်ကမ္ဘာနဲ့ ပဋိပက္ခဖြစ်ဖို့ မလိုလားပါဘူး။ အမေရိကန် သမ္မတသစ်အနေနဲ့ သမ္မတဟောင်းရဲ့ မူဝါဒတွေကို ပြောင်းလဲပစ်လိုက်မယ်လို့ မျှော်လင့်တယ်။ ဟားမတ်စ်တို့ရဲ့ အဓိကပန်းတိုင်ကတော့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ထိန်းချုပ်ထားတဲ့ ပြိုင်ဘက် ဖာတာအုပ်စုနဲ့ ပြန်လည်ရင်ကြားစေ့ရေးဖြစ်တယ်လို့ ပြောသွားပါတယ်။

ဟားမတ်စ်တို့ဟာ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို ဖာတာတို့လက်ထဲက အတင်းအကျပ် သိမ်းယူထိန်းချုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟားမတ်စ်အုပ်စုရဲ့ ပဋိညာဉ်ထဲမှာ အစ္စရေးလ်နိုင်ငံကို ဖျက်ဆီးပစ်ဖို့ဆိုတာ ပါရှိပါတယ်။ အစ္စရေးလ်တို့ကို ဟားမတ်စ်တို့က အမြောက်နဲ့ နှစ်နဲ့ချီပြီး ပစ်တာတွေကို ရပ်တန့်ဖို့ အစ္စရေးလ်တို့က ၂၂ ရက်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဟားမတ်စ်တို့က အစ္စရေးလ်ဘက်ကို အမြောက်နဲ့ ဆက်ပစ်နေဦးမယ်ဆိုရင် အစ္စရေးလ်တို့က နောက်ထပ်တိုက်ပွဲတွေ ဆင်နွှဲဖို့ အသင့်ပဲလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG