သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပိုဆုကြေး သန်းထောင်ချီယူခဲ့သည့် ဝေါလ်စတြိကုမ္ပဏီတွေ အိုဘားမား ရှုတ်ချ


အမေရိကန်က ဝေါလ်စတြိ အစုရှယ်ယာ လုပ်ငန်းကြီးတွေက သူတို့ရဲ့ အမှုဆောင်အရာရှိတွေကို ပြီးခဲ့တဲ့နှစ်အတွက် ဘောက်ဆူးအမြောက်အမြား ပေးခဲ့တာဟာ တာဝန်မဲ့ ရှက်စရာလုပ်ရပ် ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

မစ္စတာအိုဘားမားရဲ့ အဆိုအရ ဒီလုပ်ငန်းကြီးတွေဟာ ပြိုပျက်လုအခြေအနေနဲ့ ပြည်သူ့အခွန်ဘဏ္ဍာတွေကို အကူအညီအဖြစ် တောင်းခံထားချိန်မှာတောင် ၂၀၀၈ ခုနှစ်အတွက် ၁၈ ဘီလီယံကျော်ဖိုး ဘောက်ဆူးတွေ ပေးခဲ့ပါတယ်။

ဘဏ္ဍာရေးလုပ်ငန်းကြီး တော်တော်များများကို တဲ့တိုး သတင်းစကား ပါးဖို့လည်း ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိတ်သ်နာ (Timothy Geithner) ကို သူညွှန်ကြားခဲ့တဲ့အကြောင်း မစ္စတာအိုဘားမားက ပြောပါတယ်။ မစ္စတာအိုဘားမားနဲ့ မစ္စတာဂိတ်သ်နာတို့ ကြာသပတေးနေ့က တွေ့ဆုံစဉ်မှာ မစ္စတာအိုဘားမားက သတင်းထောက်တွေကို အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

အကျပ်ရိုက်နေတဲ့ အမေရိကန်စီးပွားရေးကို ကိုင်တွယ်ရေးဟာ အိုဘားမားအစိုးရရဲ့ အဓိကဦးစားပေး ဖြစ်တယ်ဆိုတာကို မစ္စတာအိုဘားမားက ပြောခဲ့သလို အမေရိကန်အစိုးရ အဆိုပြုထားတဲ့ ဒေါ်လာ ဘီလီယံ ၈၀၀ ကျော်တန် စီးပွားရေး ကျားကန်ရေး အစီအစဉ်အပေါ် သံသယဝင်နေကြတဲ့ ရီပတ်ဘလီကန်တွေဘက်က ထောက်ခံမှုရရှိဖို့ ဆက်ပြီးလုပ်သွားမယ်လို့ အိုဘားမား အစိုးရအဖွဲ့ဝင်တွေက ရှင်းရှင်းလင်းလင်း ပြောခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ဒေါ်လာ ၈၁၉ ဘီလီယံတန် စီးပွားရေးကျားကန်ရေး အစီအစဉ်ကို အောက်လွှတ်တော်က အတည်ပြုပေးခဲ့တဲ့အတွက် ဒါဟာ သီတင်းတပတ်ပဲရှိသေးတဲ့ အိုဘားမားအစိုးရအတွက် အောင်မြင်မှုတခု ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG