သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ မြန်မာပြည် လေးရက်ကြာခရီး စတင်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ကို စနေနေ့မှာ သွားရောက်မယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စ ဆက်လက် ဆွေးနွေးဖို့ သွားရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရုံးက ကြေညာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ အကြံပေးပုဂ္ဂိုလ် ဟာ မြန်မာပြည်မှာ အစိုးရနဲ့ရော သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ပါ ဆက်လက် ဆွေးနွေးဖို့ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တဲ့ အချက်အလက်များနဲ့ ပတ်သက်ပြီးတော့ အခုဆွေးနွေးပွဲမှာလည်းပဲ ပြန်လည် တင်ပြဖို့ ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂ ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သြဂုတ်လက မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ စစ်အစိုးရအား နားချတာ ထိရောက်တဲ့ရလဒ်များ ပေါ်ထွက်မလာလို့ စိတ်ပျက်မိကြောင်း မစ္စတာ ဂမ်ဘာရီ က ပြောဆိုခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွှေ ကရော၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပါ မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ကြပါတယ်။

မြန်မာပြည်မှာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကုလသမဂ္ဂ အထူးသံတမန် ရဲ့ ကြိုးပမ်းမှုက မထိရောက်ဘူးလို့ ဝေဖန်လိုက်ပြီး တိုင်းရင်းသား လူနည်းစု ၁၂ ပါတီတို့ကလည်း သူ့ရဲ့ မြန်မာပြည်ခရီးစဉ် အတွင်း အဓိက အတိုက်အခံ ခေါင်းဆောင်များနဲ့ တွေ့မသွားလို့ ပြစ်တင်ဝေဖန်သွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG