သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် ပြည်နယ်ရွေးကောက်ပွဲ အေးအေးချမ်းချမ်းပြီးဆုံး


စနေနေ့က အီရတ်နိုင်ငံရဲ့ ပြည်နယ် ရွေးကောက်ပွဲတွေမှာ သန်းနဲ့ချီတဲ့ အီရတ်တွေ လာရောက် မဲပေးခဲ့ကြတာဟာ အီရတ်နိုင်ငံ တည်ငြိမ်အေးချမ်းတဲ့သဘောကို ပြနေတယ်လို့ အီရတ်ခေါင်းဆောင်တွေကရော အမေရိကန် ခေါင်းဆောင်တွေကပါ ချီးကျူးခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ အီရတ်နိုင်ငံသားတွေကိုယ်တိုင် သူတို့ရဲ့ အနာဂတ်အတွက် သူတို့ ဆက်ပြီး တာဝန် ယူနိုင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ပြောပါတယ်။

မဲပေးသူတွေရဲ့ လက်ညိုးတွေမှာ ခရမ်းရောင်မင် စွဲထင်နေတာကို ရည်ရွယ်ပြီး အီရတ်
ဝန်ကြီးချုပ် နိုရီအယ်လ် မလိခီ က ခရမ်းရောင်လက်တွေနဲ့ အီရတ်နိုင်ငံကြီးကို ပြန်ပြီးတည်ဆောက်ကြမယ်လို့ ပြောခဲ့ပါတယ်။ ဒီ စနေနေ့ ရွေးကောက်ပွဲတွေဟာ အီရတ်နိုင်ငံ တည်ငြိမ်မှု ရှိမရှိ စမ်းသပ်တဲ့ပွဲတွေလည်း ဖြစ်ပါတယ်။ ပြည်နယ် ၁၈ ခုအတွက် ကိုယ်စားလှယ် ၁၄ ဦး ရွေးကောက်ဖို့ မဲပေးတဲ့ဒီပွဲအတွက် လုံခြုံရေးတွေလည်း တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ကတည်းကစပြီး အီရတ်နိုင်ငံမှာ အမတ်နေရာ ၄၄၀ အတွက် ရွေးကောက်ပွဲ ကျင်းပပြီး သူတို့ကို ကိုယ်စားလှယ် ၁၄,၀၀၀ ကျော်ထဲကနေ ရွေးချယ်ခဲ့ကြတာပါ။ ရွေးကောက်ပွဲရလဒ် အကြမ်းဖျင်းကို ရက်ပိုင်းအတွင်း သိရမှာဖြစ်ပြီး နောက်ဆုံးရလဒ်ကိုတော့ သတင်းပတ် အတော်ကြာမှ ထုတ်ပြန်နိုင်မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေမှာ အကြမ်းဖက်မှု ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပေမယ့် တချို့ မဲဆန္ဒရှင်တွေက မဲပေးရမယ့်စာရင်းထဲမှာ သူတို့နံမည် မပါဘူးလို့ ပြောခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG