သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှရောက် ကုလအတွင်းရေးမှူးချုပ်ကို ဂမ်ဘာရီ မကြာမီ အစီရင်ခံမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မချင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) အနေနဲ့ မြန်မာနိုင်ငံကို မလာသင့်သေးဘူးလို့ ကုလသမဂ္ဂ အထူးသံတမန်ကို ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်မှာ အမျိုးသားသင့်မြတ်ရေး စကားဆိုပွဲ တိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) နဲ့ တနင်္လာနေ့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင် ၅ ယောက်ပါ တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲကို အစိုးရဂေဟာမှာ တနင်္လာနေ့က ပြုလုပ်တာဖြစ်ပြီး တနာရီကျော် ကြာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီးက မစ္စတာဘန်ကီမွန်း မြန်မာပြည်ကို မကြာခင် သွားရောက်မယ်၊ မသွားရောက်ဘူးဆိုတာ မသိသေးဘူး၊ ဒါပေမယ့် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံများသို့ ခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီက သွားရောက်တွေ့ဆုံပြီး သူ့ခရီးနဲ့ပတ်သက်လို့ မစ္စတာဘန်ကီမွန်းကို အစီရင်ခံလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

အစိုးရနဲ့ သဘောထားကွဲလွဲသူ ၂၅၀ ကျော်ကို ကြီးလေးတဲ့ထောင်ဒဏ်များ ပေးတဲ့အတွက်ရော၊ သူတို့ဘက်က အမှုလိုက်ကြတဲ့ ရှေ့နေတွေကို ဖမ်းဆီးတဲ့အတွက်ပါ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်လိုက်ကြောင်း အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

မြန်မာနိုင်ငံသို့ ၄ ရက်တာခရီးစဉ် အစအဖြစ် စနေနေ့မှာ မြန်မာပြည်ကို ရောက်ရှိသွားတဲ့ မစ္စတာဂမ်ဘာရီဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ကျန်းမာရေးဝန်ကြီး၊ လူထုဆန္ဒခံယူပွဲ ကျင်းပရေးတာဝန်ခံ စသူတို့နဲ့ တွေ့ဆုံတယ်လို့လည်း ဆိုပါတယ်။

၂၀၀၈ ခုနှစ် သူ မြန်မာပြည်သို့ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ရော၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပါ မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ပြီး အခုတခေါက် သူ့ရဲ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရမရ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG