သုံးရလွယ်ကူစေသည့် Link များ

တရုတ်မှာ သန်း၂၀ အလုပ်လက်မဲ့ဖြစ်


ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံမှာ ကျေးလက်ဒေသတွေကနေ ရွှေ့ပြောင်းပြီး အလုပ်လုပ်နေသူပေါင်း သန်း ၂၀ လောက် အလုပ်ပြုတ်ကုန်တယ်လို့ တရုတ်အရာရှိက ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးသမားတွေအပေါ်မှာ သက်ရောက်မှုရှိတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး တရုတ်ခေါင်းဆောင်တွေကို အကြံဉာဏ်ပေးနေတဲ့ရုံးရဲ့ ညွှန်ကြားရေးမှူး ချန်ရွှီဝမ်က ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ပို့ကုန်တွေရဲ့ ၀ယ်လိုအား ကျဆင်းတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနှစ်တနှစ် ရွှေ့ပြောင်းလုပ်သား ဈေးကွက်ထဲကို အသစ်ဝင်ဖို့ လူပေါင်း ၆ သန်းကလည်း ကြိုးစားနေတာမို့ ပြဿနာက ပိုပြီးကြီးထွားလာတယ်လို့ မစ္စတာချန်က ပြောပါတယ်။ အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြတာကိုလည်း မစ္စတာချန်က ၀န်ခံပြောကြားသွားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ် မပေးနိုင်တာကြောင့် ဒီလိုမျိုး ဆန္ဒပြပွဲတွေ ဖြစ်လာရတာလို့ မစ္စတာချန်က ဆိုပါတယ်။

ဒီလိုမျိုး စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံအနှံ့အပြားမှာ ဆူပူမှုတွေ ဖြစ်ပွားမှာကို တရုတ်ခေါင်းဆောင်တွေက စိုးရိမ်ကြပြီး စစ်တပ်အနေနဲ့ ကွန်မြူနစ်ပါတီရဲ့ အမိန့်ကို တိတိကျကျနာခံဖို့ မိန့်ကြားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG