သုံးရလွယ်ကူစေသည့် Link များ

ဥရောပအနောက်ဘက်ခြမ်း နှင်းမုန်တိုင်းကျရောက်


ဆယ်စုနှစ် ၂ စုအတွင်း အပြင်းထန်ဆုံးအဖြစ် နှင်းတွေကျနေလို့ အနောက်ဥရောပရဲ့ နေရာအတော်များများမှာ နှင်းတွေ ဖုံးလွှမ်းနေပါတယ်။ ဒီအတွက် လေယာဉ်နဲ့ မြေပြင် ခရီးစဉ်တွေ အများအပြား နှောင့်နှေးကြန့်ကြာမှုတွေကြောင့် လူပေါင်း သန်းနဲ့ချီပြီး နေအိမ်တွေက မခွာနိုင်ဘဲ ဖြစ်နေရပါတယ်။

ဒီကနေ့မှာဆိုရင်လည်း ဗြိတိန်နိုင်ငံ အရှေ့တောင်ဘက်ပိုင်းနဲ့ မြို့တော် လန်ဒန်မှာ နှင်းတွေ ၁၅ စင်တီမီတာအထိ ကျခဲ့လို့ အဓိကလေဆိပ်ကြီးတခုဖြစ်တဲ့ ဟိသရိုးလေဆိပ်ကို ပိတ်လိုက်ရပြီး လေယာဉ်ခရီးစဉ်ပေါင်း ၂၅၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဆိုက်ပရပ်စ် လေကြောင်းလိုင်းက လေယာဉ်တစင်းဟာဆိုရင်လည်း လမ်းချော်ကျခဲ့တဲ့အထိ ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

နှင်းတွေ ထူထပ်တဲ့အတွက် အများပြည်သူ သွားလာရေးလမ်းကြောင်းတွေကိုလည်း ရပ်ဆိုင်းပစ်ခဲ့ရပြီး ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။ မိုးလေ၀သ ခန့်မှန်းချက်တွေကတော့ တနေ့လုံး နှင်းတွေ ဆက်ကျသွားလိမ့်ဦးမယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်နိုင်ငံ မြောက်ပိုင်းတခုလုံး နီးပါးဟာဆိုရင်လည်း တညလုံး မုန်တိုင်းဒဏ်ခံခဲ့ရလို့ နှင်းနဲ့ ရေခဲတွေ ဖုံးလွှမ်းနေပါတယ်။ ပဲရစ်မြို့တော်မှာရှိတဲ့ သွားလာရေးခရီးစဉ်တွေကို ထိခိုက်မှုတွေ ရှိခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးမှုတွေ ဖြစ်ရသလို အဓိက လေဆိပ်ကြီး ၂ ခုကိုလည်း ပိတ်လိုက်ရပါပြီ။ ဒါဇင်ပေါင်းများစွာရှိတဲ့ ခရီးတိုနဲ့ ခရီးလတ် လေယာဉ်ပျံသန်းမှုတွေကိုလည်း ပယ်ဖျက်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG