သုံးရလွယ်ကူစေသည့် Link များ

မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ရာထူးကရွေ့ပြောင်းခံရ


မြန်မာစစ်အစိုးရ၀န်ကြီးအဖွဲ့အတွင်း ၀န်ကြီးအချို့ကို တာဝန်ကနေ အနားပေးတာ နေရာရွှေ့ပြောင်းမှုတွေ ရှိတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက အကြောင်းစုံကို ပြောပြပါမယ်။

အစိုးရအဖွဲ့အတွင်း ၀န်ကြီးတွေ အပြောင်းအလဲရှိမယ်. လက်ရှိအစိုးရ၀န်ကြီးအတော်များများ နုတ်ထွက်လိမ့်မယ်လို့ သတင်းတွေ ထွက်နေတာကတော့.. ပြီးခဲ့တဲ့ စစ်အစိုးရ ၄လပတ်အစည်းအဝေးပြီးကတည်းကပါပဲ။ ဒါပေမယ့် အခုမနေ့စပြီးတော့ ၀န်ကြီးရုံးတွေမှာ ဒီအပြောင်းအလဲတွေကို တရားဝင် ထုတ်ပြန်လိုက်ပြီလို့ သိရပါတယ်။ ဘယ်သူတွေ ဘယ်နေရာအပြောင်းအလဲဖြစ်သလဲ မဇျိမသတင်းဌာနက အယ်ဒီတာကိုစိန်ဝင်းက အခုလိုပြောပါတယ်။

“ဒေါက်တာ သန်းညွန့်က ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌ၊ ၀န်ကြီးအဆင့်နဲ့ အတန်းတူပါတယ်။ နောက်ပြီးတော့ ဦးမျိုးညွန့် ပညာရေး ဒုဝန်ကြီး၊ ဦးကျော်သူ ကတော့ ထူးခြားတယ်။ သူက သမ္မတဟောင်းဖြစ်တဲ့ ဒေါက်တာ မောင်မောင်ရဲ့ သား၊ သုံးပွင့်ဆိုင် ဗဟို အဖွဲ့မှာ ဥက္ကဌ၊ လက်ရှိတာဝန်ယူထားတယ်။ သူ့ကို ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ ဥက္ကဌနေရာကို ပြောင်းပို့လိုက်တယ်။ ပြီးတော့ ၀န်ကြီးအဖွဲ့က ၂ယောက်ကို လောလောဆယ် ကျနော်အတည်ပြုထားလို့ရတယ် ၊ ဗိုလ်ချုပ်စောလွင်နဲ့ ဗိုလ်ချုပ်စောထွန်း သူတို့ကို ရာထူးကအနားပေးတယ်ခင်ဗျ ”

ဟုတ်ကဲ့ အခုဝန်ကြီးအပြောင်းအလဲတွေလုပ်တာ ဘာကြောင့်လို့ ယူဆလဲခင်ဗျ။

“အဲဒါနှစ်ပိုင်းပါလိမ့်မယ်နဲတူတယ် တပိုင်းက ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ လုပ်တဲ့ အပိုင်း ဒါကတော့ ရွေးကောက်ပွဲမှာ ၀န်ကြီးတချို့က နဂိုကြံ့ခိုင်ရေးအင်အားစုတွေကို ပြန်ပြီး ဦးဆောင်လာတာမျိုး ဖြစ်ဖြစ် စသဖြင့် နိုင်ငံရေးဖက်ပြောင်းရမယ့်လူတွေကို ပြန်ပြီးတော့ ပြင်ဆင်တာပေါ့နော် အဲဒီတော့ လက်ရှိရာထူးတွေကနေပြီးတော့ သူတို့နှုတ်ထွက်ရမယ်လို့ အခုအခြေခံဥပဒေကဆိုထားတာကိုး ၊ အဲဒါကြောင့် သူတို့ကို အဲဒီကပြောင်းတာ ။ ဒါပေမယ့် ဦးကျော်သူကိုနေရာပြောင်းပေးလိုက်တာတော့ ကျနော့အတွက်နဲနဲဆန်းနေတယ်ခင်ဗျ ၊ သူက သုံးပွင့်ဆိုင်ဗဟိုအဖွဲ့မှာ ထိထိရောက်ရောက် လုပ်သွားတာလဲ ရှိတယ်။”

ဒါပေမယ့် ခုနက ကိုစိန်ဝင်းပြောသွားတဲ့အထဲမှာ ကြံ့ခိုင်ရေးကို နိုင်ငံရေးပါတီအသွင်ပြောင်းဖို့ ပြောင်းလဲ နိုင်တယ် ဆိုရင် တကယ်တမ်း ကြံ့ခိုင်ရေးမှာ အားကျိုးမာန်တတ် ကြိုးစားပြီး လုပ်နေသူထဲမှာ ဦးသောင်းဦးတို့၊ ဦးဌေးဦးတို့ တကယ်တမ်း ရှိနေတာပဲ။ သူတို့အခြေအနေရော ဘာကြားသေးသလဲ။

“ကျွန်တော်သိရသလောက်က သူတို့လည်း ပြောင်းတဲ့အထဲမှာ ပါတယ်။ လောလောဆယ်ဆယ် ၀န်ကြီးရာထူးကို စွန့်လွှတ်ရမယ့်သူထဲမှာပါတယ်။”

အခု လတ်တလော အတည်ပြုနိုင်တဲ့အထဲမှာတော့ ဆောက်လုပ်ရေးဝန်ကြီးအပါအ၀င် ၀န်ကြီးအဆင့်နှစ်ဦး ဒုတိယ၀န်ကြီးအဆင့်သုံးဦးဆိုပေမယ်.. အခြားဝန်ကြီးအတော်များများ ရာထူးကနေ ပြောင်းရွှေ့ခံရတာတွေ အနားယူတာတွေရှိတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းလည်း ရပါတယ်။ ထူးထူးခြားခြားကတော့ နိုင်ငံခြားရေးဒုတိယ၀န်ကြီးဦးကျော်သူ ရာထူးရွှေ့ပြောင်းခံရတဲ့ကိစ္စပါ။ အခုန ကိုစိန်ဝင်းသုံးသပ်သလိုပါ. သူဟာ နိုင်ငံတကာ သံတမန်လောကမှာရော ကုလသမဂအေဂျင်စီတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အကြားမှာပဲ နံမည်ကောင်းတစုံတရာရခဲ့သူ ဖြစ်ပါတယ်။ TCG လို့ခေါ်တဲ့ ကုလသမဂ္ဂ မြန်မာ အာဆီယံ သုံးပွင့်ဆိုင်နာဂစ်မုန်တိုင်းကူညီထောက်ပံ့ရေးအဖွဲ့ရဲ့ ဥက္ကဌဖြစ်သလို၊ နာဂစ်ထောက်ပံ့ရေး နိုင်ငံတကာ အကူအညီတွေ လက်ခံနိုင်ရေး ဆောင်ရွက်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ ဦးကျော်သူကို နိုင်ငံခြားရေး ဒုဝန်ကြီးနေရာကနေ ဖယ်ရှားလိုက်တာကြောင့် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေကို ထိခိုက်နိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူ ကိုအောင်နိုင်ဦးက သုံးသပ်ပါတယ်။

“အခြေခံကတော့ ဗိုလ်ချုပ်ကြီး သန်းရွှေအနေနဲ့က တီစီဂျီရဲ့လုပ်ငန်းတွေကို ထပ်မတိုး ပေးသင့်ဘူး။ တကယ်တမ်း တိုးပေးရမယ်ဆိုရင်တောင်မှ ဒါကို ထိန်းချုပ်ချင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ နိုင်ငံတကာကလည်း လူသားချင်းဆာနာမှု ဆိုင်ရာကိစ္စကို အခြေပြုပြီး မြန်မာ စစ်အစိုးရထဲက ခေါင်းဆောင်တချို့နဲ့ ဆက်ဆံမှု ပြုလုပ်လာတယ်။ ဒါကို ဗိုလ်ချုပ်ကြီး သန်းရွှေအနေနဲ့က မကြိုက်ဘူးပေါ့။ ဒါကြောင့်မို့ အခုလို လုပ်တဲ့သဘောပေါ့။ရှေ့မှာ နိုင်ငံတကာကနေပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်ကို ဆက်ပြီးလုပ်လာမယ့် လုပ်ငန်းတွေမှာ အများကြီး ထိခိုက်နိုင်မယ်။ တနည်းအားဖြင့် ပြောရရင် စစ်အစိုးရ ဗိုလ်ချုပ်ကြီး သန်းရွှေက နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ဘယ်လိုမှ အားမပေးဘူး။ ကျွန်တော်တို့ နိုင်ငံမှာ သာဓက ရှိခဲ့ဖူးတယ်။ အရင်တုန်းက ဦးဝင်းအောင်တို့ နိုင်ငံတကာနဲ့ ဆက်ဆံဖို့ ကြိုးစားလာတဲ့အခါမှာ လူသိထင်ရှား ဖြစ်လာတယ်ဆိုရင် အဖြုတ်ခံရတာပဲ။ စစ်အစိုးရထဲမှာ ခေါင်းမာတယ်ဆိုတဲ့ သူတွေ အတွက် ဒါဟာ အင်မတန် ကောင်းတဲ့ ကိစ္စတခုပဲလို့ ထင်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးဦးကျော်သူဟာ အိန္ဒိယနဲ့ တောင်အာဖရိကနိုင်ငံတွေမှာ မြန်မာသံအမတ်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခုသူ့ကို နိုင်ငံခြားရေး ဒုဝန်ကြီးကနေ ၀န်ထမ်းရွေးခြယ်လေ့ကျင်ရေး ဥက္ကဌအဖြစ် ၀န်ကြီးအဆင့် သတ်မှတ်လိုက်ပေမယ့်လို့ .. ဒါဟာ အစိုးရအဖွဲ့မှာတော့ အရေးမပါတဲ့ နေရာလို့ မှတ်ယူလို့ရပါတယ်။ အခု သူဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ TCG သုံးပွင့်ဆိုင် အဖွဲ့ရဲ့ အလှုရှင်များ ညီလာခံကိုတော့ အခု ဖေဖ၀ါရီလထဲ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG