သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာ ဂျိုလီ မြန်မာဒုက္ခသည်စခန်း သွားရောက်


အမေရိကန်နိုင်ငံ ဟောလိဝုဒ်က ကမ္ဘာကျော်
ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ ကုလသမဂ္ဂ
အဖွဲ့ရဲ့ ချစ်ကြည်ရေး ဂုဏ်ထူးဆောင်
ကိုယ်စားလှယ်လည်းဖြစ်တဲ့ မင်းသမီး အိန်ဂျ
လီနာ ဂျိုလီ (Angelina Jolie) နဲ့ ခင်ပွန်းသည်
ဘရက်ဒ် ပစ်တ် (Brad Pitt) တို့ ဗုဒ္ဓဟူးနေ့က
ထိုင်း-မြန်မာနယ်စပ်က ကရင်နီဒုက္ခသည်
စခန်းကို သွားရောက်လည်ပတ်ခဲ့ပြီး ထိုင်း
အစိုးရအနေနဲ့ ဒုက္ခသည်တွေကို စခန်းထဲမှာ
ထိန်းချုပ်ကန့်သတ်ထားမယ့်အစား ပိုမို
လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ တောင်းဆို
လိုက်ပါတယ်။ စခန်းထဲက မသန်မစွမ်းဖြစ်နေသူတွေ၊ ကလေးငယ်တွေနဲ့ တွေ့ဆုံပြီး
လိုအပ်တဲ့အကူအညီတွေ တင်ပြဖို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အိန်ဂျယ်လီနာ ဂျိုလီရဲ့ ဒုက္ခသည်စခန်းကိုသွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကရင်နီ
ကန္တာရဝတီ သတင်းဌာနက အယ်ဒီတာ ကိုဖယ်ထူးက ဗွီအိုအေကို အခုလိုပြောပြပါ
တယ်။

“သူက ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာ မနေ့က နေ့လယ်ပိုင်းလောက် ရောက်
လာတယ်။ ရောက်လာတော့ သူက စခန်းထဲမှာရှိတဲ့ မသန်မစွမ်းလူတွေနဲ့ တွေ့တယ်၊
ကလေးငယ်တွေနဲ့ တွေ့တယ်။ အဲဒီလိုတွေ့တော့ အထောက်အကူပစ္စည်း လိုအပ်မှုရှိ
လား၊ အကယ်၍ လိုမယ်ဆိုရင် ကျမကိုပြောပြပါ၊ ကျမ တတ်နိုင်သလောက် ကူညီပေး
မယ်လို့ သူပြောတယ်။

“ဒါပေမယ့် အထဲက ဆရာမတွေက သူ့ကိုပြန်ပြောတယ်၊ ကျမတို့ လိုအပ်မှုရှိတယ်၊
အကယ်၍ အထောက်အပံ့ပစ္စည်း ထပ်ပြီး ပံ့ပိုးပေးနိုင်မယ်ဆိုရင် မသန်မစွမ်း ကလေး
တွေအတွက် အများကြီး အထောက်အကူဖြစ်မှာပဲလို့ ပြောတယ်။ သူကတော့ အတတ်
နိုင်ဆုံးဖြစ်အောင် ကျမကူညီပေးမယ်လို့ ပြောသွားတယ်လို့ ပြောတယ်။

“နောက် မိဘမဲ့ဘော်ဒါဆောင် ကျောင်းတကျောင်းကို သွားလည်သေးတယ်လို့ပြော
တယ်။ အဲဒီမှာလည်း ကလေးတွေနဲ့ သွားတွေ့တယ်၊ စကားပြောတယ်။ အဲလိုမျိုးတော့
သူလုပ်သွားတယ်။ ဒါပေမယ့် တကယ့် စခန်းတာဝန်ရှိတဲ့လူနဲ့ သူ စကားတော့ မပြော
လိုက်ရဘူး၊ တွေ့လည်း မတွေ့ဘူး။

“တခြား တွေ့တဲ့လူတွေလည်းရှိတယ်။ သူသွားတဲ့လမ်းမှာတွေ့တဲ့ ဒုက္ခသည်တွေဆို
လည်း သူ ထိုင်ပြီး စကားပြောတယ်။ ကြည့်သွားတယ်။ ဒီစခန်းက အခြေအနေ ဘယ်လို
ရှိလဲ၊ လေ့လာသွားတဲ့သဘောပေါ့။ သူ ဘာဖြစ်လို့လာလည်လဲ၊ သူ့ခရီးစဉ် ဘာရှိလဲလို့
ကျနော်မေးကြည့်တော့ သူက ထူးထူးခြားခြား မရှိပါဘူး၊ လာလည်တာပါပဲလို့
ပြောတယ်။”

အိန်ဂျယ်လီနာ ဂျိုလီနဲ့အတူ ထိုင်းအာဏာပိုင်တချို့နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်
များဆိုင်ရာ မဟာမင်းကြီးရုံးက ကိုယ်စားလှယ်တွေလည်း ပါလာတယ်လို့ ဆိုပါတယ်။

စခန်းထဲမှာ ဒုက္ခသည်ပေါင်း ၁၀,၀၀၀ ကျော် ရှိနေတာရယ်၊ ကြိုတင်အကြောင်းကြား
ထားခြင်း မရှိတာရယ်ကြောင့် သူမ လာတာကို လူတော်တော်များများ မသိလိုက်ကြ
ဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အိန်ဂျယ်လီနာ ဂျိုလီ ထိုင်း-မြန်မာ
နယ်စပ် ဒုက္ခသည်စခန်းကို သွားရောက်လည်ပတ်တုန်းကလည်း အခုလိုပဲ တွေ့စရာ
ရှိတဲ့သူတွေကိုသာ တွေ့ပြီး ပြန်သွားတဲ့အတွက် သူမ စခန်းထဲမှာရှိနေတုန်း လူ
သိပ်မသိလိုက်ဘူးလို့ ကိုဖယ်ထူးက ပြောပါတယ်။

ဟောလိဝုဒ်က နာမည်ကြီးမင်းသမီးတယောက် အခုလို ဒုက္ခသည်စခန်းကို လာလည်တဲ့
အတွက် ဒုက္ခသည်တွေကို စိတ်ဓာတ်ရေးရာအရ အားပေးရာရောက်တယ်လို့
ကိုဖယ်ထူးက ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ သူက နာမည်ကြီး ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး တယောက်
အနေနဲ့ လာတဲ့အတွက် ဒုက္ခသည်တွေက ဒုက္ခသည်အနေနဲ့ သူတို့ အားငယ်နေမယ်၊
စိတ်ဆင်းရဲနေမယ်ဆိုရင် သူလာလည်သွားတဲ့အတွက် စိတ်ဓာတ်ရေးရာအရ အားပေး
ရာရောက်ပါတယ်။ သူကလည်း အရမ်းနာမည်ကြီးပြီး ကျနော်တို့ဆီ လာလည်သွားသေး
တာပဲ၊ တဖက်မှာလည်း ဒီဒုက္ခသည်တွေက ပီတိခံစားရတာလည်း ရှိရင်ရှိမှာပေါ့။”

ကန္တာရဝတီ သတင်းဌာနက အယ်ဒီတာ ကိုဖယ်ထူး ပြောပြသွားတာ ဖြစ်ပါတယ်။

အိန်ဂျယ်လီနာ ဂျိုလီ ဒုက္ခသည်စခန်းထဲကို သွားလည်တုန်း တွေ့ခဲ့တဲ့ အသက် ၂၁ နှစ်
အရွယ် မိန်းကလေးဟာ စခန်းထဲမှာပဲမွေးပြီး ကြီးပြင်းလာရတယ်ဆိုတာကို သိလိုက်
ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း အိန်ဂျယ်လီနာ ဂျိုလီ ပြောတာကို
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကိုးကားဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့
နေရပ် မြန်မာနိုင်ငံကို ပြန်ခွင့်မရကြတဲ့အတွက် ထိုင်းအစိုးရအနေနဲ့ ပိုမိုလွတ်လပ်ခွင့်
နဲ့ အဆင့်မြင့် ပညာသင်ကြားခွင့်တွေပေးဖို့၊ နောက် သူတို့အတွက် အန္တရာယ်ရှိနေသမျှ
ကာလပတ်လုံး ဒီဒုက္ခသည်တွေကို ထိုင်းအစိုးရအနေနဲ့ နေရပ် အတင်းအကျပ် ပြန်မပို့
ဖို့တွေကိုလည်း အိန်ဂျယ်လီနာ ဂျိုလီက တောင်းဆိုခဲ့ပါတဲ့အကြောင်း ကုလသမဂ္ဂက
ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG