သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် အပြစ်ပေးခံရ


မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုသံတွေ ထွက်ပေါ်နေတဲ့ကြားကပဲ မြန်မာစစ်အစိုးရရဲ့ တရားရုံးတွေကနေ ဆက်လက်ပြီး ထောင်ဒဏ်ပြစ်ဒဏ်တွေကို ချမှတ်နေဆဲပါ။ ဒီကနေ့မှာဆိုရင်လည်း တက်ကြွလှုပ်ရှားသူ လူငယ်တွေဖြစ်ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် လူငယ် ၂ ယောက်ကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေကို အရေးယူ အပြစ်ပေးတာတွေ ရှိနေတဲ့နေရာမှာ အခုနောက်ဆုံးကတော့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုကျော်ကိုကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ ၂ ဦးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတခုကနေ ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်လိုက်တာပါ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် လူငယ် ၂ ဦးဖြစ်ကြတဲ့ သူတို့ ၂ ဦးကို ပြီးခဲ့တဲ့နှစ် မတ်လထဲတုန်းကစလို့ ဖမ်းဆီးခံထားရတာဖြစ်ပြီး ဗွီဒီယို အက်ဥပဒေပုဒ်မတွေနဲ့ ငြိစွန်းတဲ့အတွက် အခုလို အပြစ်ပေးခဲ့တာဖြစ်တယ်လို့ ကိုကျော်ကိုကိုရဲ့ ဖခင်ဖြစ်သူ ဦးကျော်အေးက ပြောပါတယ်။

“မင်္ဂလာတောင်ညွန့် တရားရုံးကနေ ပြစ်မှုကြီးအမှတ် ၁၂၂/၈၀၀ ဗွီဒီယိုအက်ဥပဒေ ၃၂(ခ) နဲ့ တယောက်ကို ထောင် ၃ နှစ်စီ ချလိုက်ပါတယ်။ ကျော်ကိုကိုက မတ်လ ၁၆ ရက်၊ ၂၀၀၈ ခုနှစ် ည ၁၂ နာရီမှာ ကိုဉာဏ်လင်းအောင်တို့အိမ်မှာ တိမ်းရှောင်နေတုန်း မိတာဖြစ်ပါတယ်။ ကိုဉာဏ်လင်းအောင်ကို မနက်ပိုင်းမှာ ဖမ်းသွားပြီး ညကျမှ သူ့ကိုလာဖမ်းတာ ဖြစ်ပါတယ်။ ဖမ်းတဲ့အချိန်မှာ သူ့မှာ တယ်လီဖုန်းတလုံးပဲ မိပါတယ်။ ကိုဉာဏ်လင်းအောင် အလုပ်လုပ်တဲ့ သီရိမြိုင်မဂ္ဂဇင်းတိုက်မှာ သွားဖမ်းပြီး သိမ်းတဲ့အခါ ၈၈ ခုနှစ်လှုပ်ရှားမှု ဗွီစီဒီခွေနှစ်ခွေနဲ့ ဗိုလ်မှူးချုပ်ကျော်ဇော အတ္ထုပ္ပတ္တိ တခွေမိတယ်တဲ့။ အဲဒီအခွေက ဆင်ဆာမဲ့ ဗွီဒီယိုခွေများ ဖြစ်ပါတယ်ဆိုပြီး တရားစွဲတာပါ။

“အဲတော့ ဗွီဒီယိုအက်ဥပဒေ ၃၂(ခ) အရဆိုရင် သူက ကူးယူခြင်း၊ ပြသခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ အဲဒါတွေနဲ့ ငြိမှသာလျှင် ဥပဒေနဲ့ ငြိပါတယ်။ အခုဆိုရင် ကျနော့်သားက အဲဒီဥပဒေနဲ့ မငြိပါဘူး။ ပြီးတော့ ကျနော့်သား မိစဉ်တုန်းက ဖုန်းတလုံးပဲ မိပါတယ်။ ဒီပစ္စည်းတွေအားလုံးက ကိုဉာဏ်လင်းအောင်က သူ့ရဲ့ လုပ်ငန်းရပ်အရ သိမ်းထားတဲ့အခွေတွေဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။ ကျနော့်သားနဲ့ မဆိုင်တဲ့ဟာတွေပါ။ ဒါကြောင့် တကယ်တမ်းသာ ဥပဒေအရ ချမယ်ဆိုရင် ကျနော့်သားဟာ လွတ်မြောက်ရမှာ ဖြစ်ပါတယ်။ အခုဟာကတော့ ကျနော့်သားပြောသလိုပါပဲ၊ အဖေ စိတ်တော့မရှုပ်နဲ့၊ ဘာမှမဖြစ်နဲ့၊ သားတို့ကို ဥပဒေအရ ချတာမဟုတ်ဘူး၊ နိုင်ငံရေးအရချတာ။ ဒါကြောင့်မို့ ဘာမှပြောလို့မရပါဘူး။”

မပြေလည်နိုင်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့အပတ်ထဲမှာ တွေ့တုန်းက မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေတာတွေ၊ ဥပဒေကပေးထားတဲ့ ခံစားခွင့်တွေကို မရနိုင်ဘဲ ဖြစ်နေရတာတွေကိုလည်း အတိုက်အခံတွေဘက်က ပြောခဲ့တာပါ။ ဒီလိုတိုက်တွန်းပြောဆိုပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ပြစ်ဒဏ်ပေး စီရင်တာတွေကို အာဏာပိုင်တွေဘက်က ဆက်လုပ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတုန်းကလည်း ဒီလိုပဲ တက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းကို နောက်ထပ် ထောင်ဒဏ် ၅ နှစ်တိုးပြီး အပြစ်ပေးခဲ့လို့ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်နဲ့ ၆ လ အထိ ဖြစ်သွားခဲ့ပါတယ်။

ဒီလို ထောင်ဒဏ်ပြစ်ဒဏ် စီရင်ပြီးသူတွေကိုလည်း နောက်ဆက်တွဲဆိုသလို မိသားစုနဲ့အလှမ်းဝေးရာ နယ်ထောင်တွေကို ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေလို့ မိသားစုတွေ သောကရောက်နေကြရတာပါ။ ပြီးခဲ့တဲ့အပတ်ထဲမှာတုန်းကလည်း ထောင်ဒဏ် ၉ နှစ်ကနေ ၁၁ နှစ်အထိ ကျခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၃ ဦးကိုလည်း သူတို့ကိုထိန်းသိမ်းထားရာ အင်းစိန်အကျဉ်းထောင်ကနေ နယ်ထောင်အသီးသီးကို ပြောင်းရွှေ့လိုက်တာပါ။ အခုဆိုရင်လည်းပဲ ကျန်းမာရေးအခြေအနေ ဆိုးရွားလို့ အင်းစိန်ထောင်တွင်း ဆေးရုံမှာ ကုသမှု ခံယူနေရတဲ့ ကိုကျော်ကိုကို အနေနဲ့လည်း ပြစ်ဒဏ်စီရင်ခံရအပြီး ဒီလိုရွှေ့ပြောင်းပစ်လိုက်မှာကို မိသားစုက ပူပန်မိတယ်လို့ ပြောပါတယ်။

“ကျနော့်သား ကျန်းမာရေးက မကောင်းသေးဘူး။ အသည်းရောင် အသားဝါ ဘီပိုးရှိတယ်လို့ ပြောတယ်။ မျက်လုံးအဝါက မလျော့သေးဘဲ နည်းနည်းကျန်နေသေးတယ်။ တော်တော်လေးကို ဝါနေပါတယ်။ ကြည့်လိုက်ရင် မျက်လုံးဝါနေတာ သိသာတယ်။ သူ့ကို ထောင်ဆရာဝန်ကြီးက ဆေးသွင်းပေးနေတာ၊ ဆေးထိုးပေးတာ လုပ်ပေးနေပါတယ်။ ဆေးစစ်ဖို့ သွေးဖောက်ဖို့က ဆေးသွင်းတုန်းက လက်မှာ ဆေးနည်းနည်းခဲနေလို့လို့ ပြောတယ်။ အဲဒါကြောင့် ခဏစောင့်နေတယ်။ ထောင်ဆေးရုံက မဆင်းရသေးပါဘူး။ သောက်ဆေးတို့၊ အားဆေးတို့၊ ဂလူးကို့စ်တို့တော့ သွင်းပေးရတယ်။ အဲဒါကြောင့် ထောင်ဆရာဝန်ကြီးကိုယ်တိုင် ကြပ်ကြပ်မတ်မတ်နဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။ အဲတော့ အခုလိုအချိန်မျိုးမှာသာ ပြောင်းသွားရင် ကျနော်တို့က တော်တော်ရင်ကျိုးရမှာ ဖြစ်ပါတယ်။”

စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျော်ကိုကိုရဲ့ဖခင် ဦးကျော်အေး ပြောပြသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီရဲ့ခရီးစဉ် အဆုံးသတ်နေ့အဖြစ် ပြီးခဲ့တဲ့ အပတ်ထဲမှာတုန်းက မြန်မာစစ်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့၊ ဝန်ကြီးချုပ် စတဲ့ပုဂ္ဂိုလ်တွေနဲ့လည်း ပြောဆိုကြတဲ့ နေရာမှာတော့ စစ်အစိုးရဘက်က သူတို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉,၀၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်၊ တရားစီရင်မှုတွေမှာလည်း ဥပဒေနဲ့အညီ မျှမျှတတ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်ဆိုပြီး တုံ့ပြန်ခဲ့တာပါ။ ဒါပေမယ့်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ မှတ်တမ်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂,၀၀၀ ကျော် ရှိနေပါတယ်။ ဒီအထဲမှာဆိုရင်လည်း ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားကြသူတွေ၊ ရဟန်းသံဃာတော်တွေနဲ့ သူတို့တတွေအတွက် ဥပဒေအကျိုးဆောင်ပေးနေသူ ရှေ့နေတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG