သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမီး အိမ်ခြေ ၃၀၀ ကျော် လောင်ကျွမ်း


မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အိမ်ခြေ ၃၀၀
ကျော်လောက် လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းနဲ့
ပတ်သက်ပြီး ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က ဆက်သွယ်မေးမြန်း
တင်ပြထားပါတယ်။

မီးလောင်ကျွမ်းမှုဟာ မနေ့ညနေပိုင်းက လောင်ကျွမ်းခဲ့တာပါ။ မီးလောင်တဲ့အခြေ
အနေကို မန္တလေးမြို့ခံတယောက်က အခုလိုပြောပြပါတယ်။

“မြရည်နန္ဒာဘက်ကို လောင်တာ။ သုံးနာရီခွဲကျော်ကျော်ကနေ လောင်လိုက်တာ၊
လေးနာရီခွဲကျော်လောက်မှ ငြိမ်းတာတဲ့။ ဂ ရပ်ကွက်တို့၊ ဃ ရပ်ကွက်တို့၊ သုံးရပ်ကွက်
ပါသွားတယ်၊ အိမ်ခြေ ၃၀၀ ကျော်တဲ့။ တဲတွေပဲ များတာတဲ့။”

မီးလောင်တဲ့နေရာဟာ လက်လုပ်လက်စားတွေ အများစုနေထိုင်တဲ့ နေရာဖြစ်ပြီး
ဝါးတို့ သက်ကယ်တို့နဲ့ ဆောက်လုပ်ထားတဲ့ တဲအိမ်တွေများတာကြောင့် ၁ နာရီ
လောက်အတွင်းမှာ အခုလို အိမ်အများအပြား လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ အခြား
ဒေသခံတယောက်က ပြောပါတယ်။

မနေ့က မန္တလေးမြို့မှာ တိုင်းနဲ့ပြည်နယ် ဘောလုံးဗိုလ်လုပွဲ ကျင်းပနေတာကြောင့်
မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ဘောလုံးပွဲမှာ ရောက်နေလို့ အရောက်နောက်ကျပြီး အခုလို
အများအပြား လောင်ကျွမ်းရတာဖြစ်တယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

လောလောဆယ်မှာတော့ မီးဘေးဒုက္ခသည်တွေဟာ အနီးအနားမှာရှိတဲ့ ဘုန်းကြီး
ကျောင်းတွေမှာ နေထိုင်နေကြရပြီး လူမှုကူညီရေးအသင်းတွေက လာရောက်ကူညီကြ
တယ်လို့ မီးလောင်ရာကို သွားရောက်ကြည့်ရှုခဲ့သူတယောက်က ပြောပါတယ်။

“ကျနော်တွေ့ခဲ့တာတော့ ချမ်းမြသုခအသင်းလေ၊ နာရေးလူမှုရေးအသင်းက လာတယ်
ဗျ။ နောက် လောကပါလဆိုတာ ပုဂ္ဂလိကလားတော့ မသိဘူးဗျ၊ ဆန်အိတ်တွေ လာချ
တာတွေ့တယ်။ တိုင်းမှူးတွေကတော့ ဒန်အိုးတွေ ဘာတွေ ပေးမယ်လို့တော့ ပြောတာပဲ။
ကျနော် မီးလောင်တာမေးတဲ့ဆီက ပြောပြလိုက်တာ။ ဆန်အိတ်တွေတော့ ရောက်နေ
တယ်ပေါ့နော။ တိုင်းမှူးကတော့ အများကြီးပဲဗျ၊ ကားကြီးတွေနဲ့လှည့်သွားတာ၊
အောက်တော့ မဆင်းဘူး။ ကျနော်တို့ကလည်း ရပ်ကြည့်နေကြတာလေ။”

သူကတော့ မနေ့ကလောင်ကျွမ်းတဲ့မီးဟာ ရပ်ကွက် ၄ ရပ်ကွက်လောင်ပြီး အိမ်အလုံး
၅၀၀ ကျော်လောက် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး
မန္တလေးဗဟိုမီးသတ်ကို စုံစမ်းကြည့်ရာမှာတော့ လူကိုယ်တိုင်လာရောက်မေးပါလို့
ပြောပြီး ဖုန်းချသွားပါတယ်။

မီးလောင်မှုဟာ ဆိုင်ကယ်ဓာတ်ဆီထည့်ရာကနေ လောင်ကျွမ်းတာဖြစ်တယ်လို့
ပြောဆိုသူတွေရှိနေပေမယ့် ဘာကြောင့်လောင်တယ်ဆိုတာ အတိအကျ မသိရသေး
သလို မီးလောင်မှုကြောင့် အဆုံးအရှုံး၊ အသေအပျောက် ဘယ်လောက်ရှိမယ်ဆိုတာ
လည်း မသိရသေးပါဘူး။

လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မန္တလေး ရတနာပုံဈေးကြီး
မီးလောင်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၁,၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မီးလောင်မှုပေါင်း ၇၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်ငွေ
သိန်း ၄၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက စာရင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်အတွင်းမှာ မန္တလေး ရတနာပုံဈေးအပြင် တွံတေးဈေး၊ မော်လမြိုင်ဈေး
တွေကိုပါ မီးလောင်ခဲ့တာကြောင့် အရင်နှစ်တွေနဲ့ နှိုင်းစာရင် ဆုံးရှုံးမှုအများဆုံးနှစ်
ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG