သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထိပ်သီးအစည်းအဝေး လူ့အခွင့်အရေးကိစ္စ ဆွေးနွေးမည်


အခုနှစ်ရဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း နှစ်ပတ်လည် ထိပ်သီးညီလာ
ခံကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ကျင်းပမှာပါ။ ဒီညီလာခံအတွင်းမှာလည်း အရင်လို
စီးပွားရေးကိစ္စကိုပဲ အလေးပေးကြမှာပါ။ ဒါပေမယ့်လည်း မကြာခင်က အာဆီယံ
အဖွဲ့ဝင်နိုင်ငံတွေ သဘောတူခဲ့ကြတဲ့ အာဆီယံ လူ့အခွင့်အရေးအဖွဲ့ ထားရေးကိစ္စ၊
လူ့အခွင့်အရေးကိစ္စ မကြာခင်က ဒေသတွင်း ဂယက်ရိုက်လာတဲ့ လှေစီးပြေး ရိုဟင်ဂျာ
ဒုက္ခသည်များ အရေးကိစ္စတွေကိုလည်း ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံ
ဘန်ကောက် ဗွီအိုအေ အရှေ့တောင်အာရှဌာနကနေ ဗွီအိုအေသတင်းထောက်
ဒန်နီရယ်လ် ရှာ့ဖ် (Danieal Schearf) သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။

အခုနှစ် ထိုင်းနိုင်ငံမှာကျင်းပမယ့် အာဆီယံ
နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲ အကြိုအဖြစ်နဲ့
ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့အတူ မကြာခင်
ကျင်းပတော့မယ်ဆိုတဲ့ အမှတ်အသား ဗုံသံပေးပြီး
ဒီကနေ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝ
(Abhisit Vejjajiva) ကိုယ်တိုင် တက်ရောက်
သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။

ဒီကနေ့ ကမ္ဘာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွား
ရေးကျဆင်းမှု၊ စီးပွားရေး နှေးကွေးမှုတွေကို
ရင်ဆိုင်ဖို့ သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေရဲ့
စီးပွားရေးတောင့်တင်းခိုင်မာအောင် ဘယ်လို
ဆောင်ရွက်မယ်၊ အပြန်အလှန် ဘယ်လိုပူးပေါင်းမယ် ဆိုတာတွေကို ဒီညီလာခံကြီးမှာ
အာဆီယံအသင်းဝင် နိုင်ငံတွေက ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အသင်းဝင်နိုင်ငံတွေဟာ အရှေ့တောင်အာရှဒေသအတွင်း အာဆီယံအသင်းကြီးကို
ခိုင်မာတဲ့ အစုအဖွဲ့တခုအနေနဲ့ တည်ဆောက်လိုကြတယ်လို့ ထိုင်းဝန်ကြီးချုပ်
အဘီဆစ် ဝိတ်ချာချီဝက အခုလိုပြောပါတယ်။

“အာဆီယံအသင်းကြီးဟာ ဒေသအတွင်း ထိုက်သင့်လျော်ကန်တဲ့ အဖွဲ့အစည်း ဖြစ်နေ
တယ်ဆိုတာကို ကျန်ကမ္ဘာ့နိုင်ငံတွေ သိစေဖို့ အခုညီလာခံကြီးဟာ အာဆီယံအတွက်
အခွင့်အလမ်းကောင်းတခု ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို မောင်းနှင်
နေတဲ့ တောင်အာရှထဲမှာ အာဆီယံအသင်းဝင် ၁၀ နိုင်ငံဟာလည်း အစိတ်အပိုင်း
တရပ် ဖြစ်ပါတယ်။”

အခြား ကမ္ဘာ့နိုင်ငံတွေလိုပါပဲ၊ အရှေ့တောင်အာရှမှာလည်း ကမ္ဘာ့စီးပွားရေး နှေးကွေး
မှုဒဏ် ခံရပါတယ်။ နိုင်ငံတွေရဲ့ ပြည်ပပို့ကုန် ကျဆင်းလာတာဟာ အဓိကပြဿနာပါ။

အခု အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာတော့ စီးပွားရေးတင် အာရုံထားမှာတော့ မဟုတ်
ပါဘူး။ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းရပ်တွေကိုလည်း ဆွေးနွေးကြမယ်လို့ ထိုင်း
ဝန်ကြီးချုပ် အဘီဆစ်က ပြောပါတယ်။ ယုံကြည်စိတ်ချရပြီး ဖြစ်နိုင်ချေ၊ လုပ်နိုင်ချေ
ရှိမယ့် အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို လာမယ့်နှစ်အကုန်ပိုင်းမှာ ဖွဲ့စည်းနိုင်လိမ့်မယ်
လို့ မစ္စတာအဘီဆစ်က ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံ အစိုးရတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မပြတ်
အဝေဖန်ခံရလေ့ ရှိပါတယ်။ ဒီအထဲမှာတော့ မြန်မာနိုင်ငံက စစ်အစိုးရဟာ လူ့အခွင့်
အရေးနဲ့ ပတ်သက်လာရင် အဝေဖန် အပြစ်တင်ခံရဆုံးပါ။ ဒါပေမယ့်လည်း အာဆီယံ
ထဲ ဒီမိုကရေစီအရှိဆုံးလို့ ပြောရမယ့် ထိုင်းအစိုးရ ကိုယ်တိုင်ကလည်း အခုဆိုရင်
ဒေသတွင်း ဂယက်ရိုက်နေတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေ အရေးမှာတော့
ထိုင်းစစ်တပ်ရဲ့ ဆောင်ရွက်ချက်ကို ထိုင်းအစိုးရက အကာအကွယ် ပေးနေပါတယ်။

ဒီရိုဟင်ဂျာတွေအရေးကိစ္စ ဘယ်လိုကိုင်တွယ်ကြမလဲ ဆိုတာကိုတော့ အာဆီယံအသင်း
ဝင် နိုင်ငံတွေက ဆွေးနွေးကြလိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်မြာ
(Kasit Piromya) က ပြောသွားပါတယ်။ ဒါပေမယ့် ဒီလူတွေကို ထိုင်းဘက်ကတော့
ဒုက္ခသည်အဖြစ် အသိအမှတ်မပြုပါဘူး။ မကြာခင် ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကတော့
ရာနဲ့ချီတဲ့ လှေစီးပြေး ရိုဟင်ဂျာတွေကို ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားတို့က ပင်လယ်ပြင်
က ကယ်တင်ခဲ့ရပြီး ဒီအသက်ဘေးက လွတ်မြောက်လာသူတွေရဲ့ ပြောချက်အရ သူတို့
ဟာ မြန်မာနဲ့ ထိုင်းစစ်တပ်တွေရဲ့ လက်ထဲမှာ ဖိနှိပ်မှုတွေ ခံခဲ့ရတယ်လို့ ဆိုခဲ့ကြပါ
တယ်။ ထိုင်းဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းထားပါတယ်။ အခုဆိုရင်တော့ ထိုင်းရော
အင်ဒိုနီးရှားကပါ ဒီလူတွေဟာ သူတို့နိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေအနေနဲ့
သူတို့မြေပေါ်မှာ လက်ခံမထားဘူးလို့ ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG