သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာများ အရုပ်ဆိုးဟု မြန်မာကောင်စစ်ဝန် ပြော


မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း နိုင်ငံများက ဆွေးနွေးကြဖို့ ပြင်ဆင်နေတဲ့ အချိန်ပဲ ဟောင်ကောင်ရှိ မြန်မာစစ်အစိုးရ ကောင်စစ်ဝန်ရုံး အကြီးအကဲ ဦးရဲမြင့်အောင်က ရိုဟင်ဂျာတွေဟာ ဘီလူးလို အရုပ်ဆိုးတဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုလိုက် ပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာတွေ မဟုတ်ဘူး။ မြန်မာတိုင်းရင်းသားတွေလည်း မဟုတ်ကြဘူး၊ ရိုဟင်ဂျာတွေက အသားညိုမှောင်တယ်၊ မြန်မာတွေက အသားဖြူ ချောမွေ့ပြီး ကြည့်ကောင်း ရုပ်ချောတယ်လို့ ဟောင်ကောင်ရှိ နိုင်ငံခြား မစ်ရှင်ရုံးများနဲ့ စာနယ်ဇင်းများသို့ စာရေးအကြောင်းကြားတဲ့အထဲမှာ ဦးရဲမြင့်အောင်က အဲဒီလို ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၆၀က မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာခဲ့ကြတဲ့ အာရပ်ကုန်သည်တွေက ဆင်းသက်လာခဲ့ကြတဲ့ မွတ်ဆလင် ဘန်ဂါလီလူတွေ ဖြစ်ကြတယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ရေးသားဖော်ပြတဲ့ ဆောင်းပါကိုလည်း သူ့စာနဲ့အတူ ပူးတွဲဖော်ပြ ပေးပို့လာပါတယ်။

အခုလအတွင်း အာဆီယံ ထိပ်သီးအစည်းအဝေး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့အခါ အစည်းအဝေးပွဲရဲ့ အပြင်ပန်းမှာ ရိုဟင်ဂျာကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားတာကြောင့် အခုလို ဟောင်ကောင်ရှိ စစ်အစိုးရ ကောင်စစ်ဝန်ရုံး အကြီးအကဲရဲ့ ရေးသားချက်ကြောင့် ပိုမိုတွန်းအားပေးလိုက်သလို ဖြစ်သွားတယ်လို့ သတင်းများမှာ ပါရှိပါတယ်။ ရိုဟင်ဂျာများရဲ့ လူ့အခွင့်အရေးကို လေးစားဖို့ အမေရိကန် ရုပ်ရှင်မင်းသမီးလည်းဖြစ်၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကျိုးဆောင်သံတမန် အင်ဂျလီနာ ဂျိုလီရဲ့ တိုက်တွန်းချက်ကို ထိုင်းနိုင်ငံခြားရေးဌာန အတွင်းဝန်က စီးပွားရေးကြောင့် လာကြသူတွေသာဖြစ်လို့ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းကို မပို့ဘဲ အကျဉ်းစခန်းကိုပဲ ပို့မယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG