သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်နေလို့ မြန်မာ့သမိုင်း ထိခိုက်


ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့
ဖြစ်ပါတယ်။ ဒီနေ့ကို မြန်မာနိုင်ငံရဲ့ ကလေးများနေ့
အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေကို မြန်မာ
နိုင်ငံတဝန်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ရှိခဲ့ပေ
မယ့် စစ်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း ဗိုလ်ချုပ်ရဲ့
မွေးနေ့ဆိုင်ရာ အခမ်းအနားတွေ တဖြည်းဖြည်း
မှေးမှိန် ကွယ်ပျောက်လာခဲ့ရပါတယ်။ အခုလို
အရေးပါတဲ့ နိုင်ငံခေါင်းဆောင်တယောက်ရဲ့ မွေးနေ့နဲ့
သူ့ရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ထားတဲ့
အတွက် သမိုင်းကို ဘယ်လောက်ထိခိုက်စေပါသလဲ၊
အကြောင်းစုံကို မစုမြတ်မွန်က သုံးသပ်တင်ပြထား
ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ဖခင်ကြီး ဖြစ်ရုံမက မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်
အောင်ဆန်းရဲ့မွေးနေ့ကို အမှတ်တရပွဲတွေ မြန်မာနိုင်ငံမှာ တရားဝင်မကျင်းပတော့တာ
တော်တော်ကြာခဲ့ပါပြီ။ အရင်ကဆိုရင် ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့
ဗိုလ်ချုပ်မွေးနေ့မှာ ကဗျာရွတ်ပြိုင်ပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေကို ကျောင်းတွေ၊
ရပ်ကွက်တွေမှာ ကျင်းပခဲ့ကြတာပါ။ အခုတော့ အဲဒီလို ပြိုင်ပွဲတွေလုပ်ဖို့ဝေးလို့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်တွေကိုတောင် တရားဝင်ထုတ်ဖော်ပြောတာ ရှားသွား
ပါပြီ။

ဒီတော့ နောင်လာနောက်သားတွေအနေနဲ့ ကိုယ့်နိုင်ငံ လွတ်လပ်ရေးရအောင်
လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်တယောက်ရဲ့ အကြောင်းတွေကို သိဖို့ ဘယ်လောက်
အရေးကြီးပါသလဲ။ မြန်မာနိုင်ငံမှာ သမိုင်းကထိက လုပ်ခဲ့ဖူးပြီး အခုတော့ အမေရိကန်
ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင် (Judson) တက္ကသိုလ်မှာ သမိုင်း
ပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်းက ဘာကြောင့်အရေးကြီးတယ်ဆိုတာ
ခုလိုပြောပြပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုတော့ တိုင်းပြည်က သိသင့်တယ်၊ ကလေးတွေ
လည်း သိသင့်တယ်၊ ပညာတတ်တွေလည်း သိသင့်တယ်။ ကိုယ့်ရဲ့သမိုင်းအမွေအနှစ်ကို
ကိုယ်က ထုတ်ဖော်ပြီးတော့ သိမှသာ၊ ပြောနိုင်မှသာလျှင် အခြား ကမ္ဘာမှာရှိတဲ့
တိုင်းပြည်တွေကလည်း ကိုယ့်လူမျိုးကို ရိုသေမယ်၊ အသိအမှတ်ပြုမှာပေါ့။ ကိုယ်ကမှ
အသိအမှတ်မပြုရင် အခြားလူတွေကလည်း ကိုယ့်ကို ဘယ်လိုအသိအမှတ်ပြုမလဲ။
ဗိုလ်ချုပ်အောင်ဆန်းတောင်မှ မသိခဲ့လို့ရှိရင် ဒီတိုင်းပြည်က ဘယ်သူထောင်ခဲ့မှန်း
တောင် သူတို့ သိမှာမဟုတ်ဘူး။ ကိုယ့်ရဲ့သမိုင်းအစကိုလည်း သူတို့ မသိဘူးဖြစ်မယ်။

“ဗိုလ်ချုပ်အောင်ဆန်းထူထောင်တဲ့ မြန်မာနိုင်ငံဟာ တကယ်တော့ အရေးကြီးတဲ့ကဏ္ဍ
မှာ ပါခဲ့တယ်။ အဲဒါကြောင့် ကိုယ့်တိုင်းပြည်မှာ ကလေးတွေက ဒါကို သိခဲ့လို့ရှိရင်
နိုင်ငံရဲ့ ရှေ့ရေးအတွက် အလားအလာ ပိုကောင်းနိုင်တယ်၊ ပြီးတော့ ဒီတိုင်းပြည်ကို
လည်း ပိုချစ်ပြီးတော့ ပိုပြီးတော့ တိုးတက်အောင် လုပ်ချင်စိတ်တွေ ရှိလာမယ်ပေါ့။
သူတို့ကို နောက်ကနေ တွန်းအားပေးတဲ့သဘော ဖြစ်နိုင်မယ်။

“ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မသိရင်တော့ သူတို့အတွက်က ကြည့်စရာ နမူနာ
စံပြလူ မရှိဘူး။ ကျန်တဲ့လူတွေကို လျှောက်ကြည့်ပြီး ပတ်ဝန်းကျင်မှာ ကိုယ့်လူမျိုးထက်
အခြား ကောင်းတဲ့လူမျိုးရဲ့ ခေါင်းဆောင်တွေကိုပဲ အားကိုး အထင်ကြီးပြီး အဲဒီလူမျိုး
တွေကို ပိုအထင်ကြီးသွားမှာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်ကလည်း
လျော့သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ လူတော်လူကောင်း
ရှိတယ်ဆိုတာ သူတို့ မြင်ချင်မှမြင်တော့မယ်။”

ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး
လှုပ်ရှားမှုတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်
လာခဲ့ချိန်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်းနဲ့ မှေးမှိန်
အောင်လုပ်လာတယ်လို့ သမိုင်းလေ့လာသူတွေက ပြောကြပါတယ်။

သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းကစလို့ တက္ကသိုလ်ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်း
နဲ့ပတ်သက်တဲ့ အကြောင်းတွေကိုလည်း ကျမ်းပြုခွင့် မပေးတော့ပါဘူး။ ဒါဟာ မြန်မာ့
သမိုင်းအတွက် ဘယ်လောက်ထိခိုက် နစ်နာစေပါသလဲ၊ Aung San and the
struggle for Burmese Independence ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့တဲ့
သမိုင်းပညာရှင် ဒေါက်တာ နော်အိန်ဂျလင်းကတော့ ခုလိုသုံးသပ်ပါတယ်။

“ပညာတတ်အဆင့်တွေမှာပါ လုံးဝမသိရဘူးဆိုကတည်းက ဒီတိုင်းပြည်ကို
တည်ထောင်ခဲ့တဲ့လူရဲ့ သမိုင်းက လုံးဝပျောက်သွားပြီပေါ့။ တိုင်းပြည်တည်ထောင်တဲ့
လူရဲ့ သမိုင်းပျောက်ရင် တိုင်းပြည်ပျောက်တာနဲ့ အတူတူပဲလေ။ ဘာဖြစ်လို့လဲဆိုတော့
ကိုယ့်သမိုင်းကို ကိုယ်ဖျောက်ပစ်တဲ့ဟာက ကိုယ့်ရဲ့ဇာစ်မြစ်က ပျောက်သွားတာပေါ့။
အမွေအနှစ် ပျောက်သွားတဲ့သဘောပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်မှာဆိုရင်
သူက တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးကို စည်းရုံးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။

“အဲလို တိုင်းရင်းသားအားလုံးကို တန်းတူရည်တူ အခွင့်အရေးအတူတူပေးဖို့ စည်းရုံး
နိုင်ခဲ့လို့ လူတွေကလည်း သူ့ကို ယုံကြည်ခဲ့တယ်၊ အားကိုးခဲ့တယ်။ အဲဒီလို ယုံကြည်
အားကိုးခဲ့တဲ့ လူကြီးမျိုးကို တိုင်းပြည်မှာရှိဖို့ အစိုးရအဖွဲ့အစည်းမျိုးနဲ့ အဲဒီလိုလူမျိုးနဲ့
တည်ထောင်နိုင်ဖို့ဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်။

“အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မသိဘဲနဲ့ သမိုင်းကိုလည်း
မသိတော့ဘူး။ ဗမာပြည်ဟာ ဘယ်လောက်အထိ ကမ္ဘာမှာ တန်းတူရှိခဲ့တယ်ဆိုတာ
လည်း မသိဘူးဆိုရင်တော့ ဒီလိုအခြေအနေမျိုး ပြန်ရောက်အောင် လုပ်ချင်စိတ်လည်း
ရှိမှာမဟုတ်တော့ဘူး။ ခေတ်ကမ္ဘာ တိုးတက်နေပေမယ့် မြန်မာပြည်ကတော့ ဆက်ပြီး
တိုးတက်စရာလမ်း မရှိတော့ဘူးပေါ့။”

Aung San and the struggle for Burmese Independence ဆိုတဲ့စာအုပ်ကို
ရေးသားခဲ့ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင်
တက္ကသိုလ်မှာ သမိုင်းပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်း ပြောပြသွားတာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG