သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးတင်ဦး နေအိမ်အကျယ်ချုပ် သက်တမ်းတိုး


မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် နောက်ထပ် သက်တမ်းတစ်နှစ် ထပ်ပြီးတော့တိုးလိုက်ပါတယ်။ ဒီလို သက်တမ်းတိုးတာဟာ ဥပဒေနဲ့ မကိုက်ညီတဲ့အကြောင်း အဲန်အယ်လ်ဒီ က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို အတည်ပြု ပြောဆိုခဲ့ပါတယ်။

“ဒီနေ့ နောက်ထပ် တစ်နှစ်တိုးတယ်ဆိုပြီးတော့ ဒီညနေပိုင်းမှာပဲ ကျနော်တို့ သတင်းကြားပါတယ်။”

ဦးတင်ဦး က အခုဆိုရင် နေအိမ်အကျယ်ချုပ်က ဘယ်လောက်ရှိသွားပါပြီလဲခင်ဗျ။ အဲဒီလို သက်တမ်းတိုးတာကရော ဘယ်နှစ်ကြိမ် ရှိပါပြီလဲခင်ဗျ။ -

“ကျနော် မှတ်မိသလောက်တော့ စတာက ၂၀၀၉ ခုနှစ် ကျနော်တို့ မေလ ၃၀ ရက်နေ့ပေါ့။ အဲဒီကတည်းက ဦးတင်ဦး က အခုထိ ထိန်းသိမ်းခံနေရတယ်။ ကြားတာကတော့ ပထမတစ်နှစ်က ကလေးထောင်မှာ။ အခု ကျန်တဲ့ကာလက အိမ်မှာ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် အခုဆိုရင် အမှန်တကယ် ဥပဒေအရ ကျနော်တို့မြင်တဲ့ ဥပဒေအရ ကျနော်တို့ ၅ နှစ်ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ ၅ နှစ်ဆိုတာက ကျနော်တို့ ဒီဥပဒေနဲ့ အရေးယူတဲ့ကာလ အားလုံးကို စုစုပေါင်းလို့ ကျနော်တို့ ဒီလို တွက်ပါတယ်။ အဲဒီတော့ တဖက်ကတော့ဗျာ၊ တဖက်ကဆိုတာက လက်ရှိ အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေ ကတော့ သူတို့ရဲ့ ဆောင်းပါးတွေအရ သူတို့က အဲဒီလို မယူဘူး။ ဒါပေမယ်လို့ ဒီဥစ္စာဟာ ဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုတဲ့နေရာမှာ တိတိကျကျ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတဲ့ နမူနာလည်း မရှိပါဘူး။”

ဟုတ်ကဲ့ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ အယူခံတင်တာတို့၊ ဥပဒေကြောင်းအရ လုပ်နေတာတို့ ကျနော်တို့တွေ ကြားသိရပါတယ်။ ဦးတင်ဦး နေအိမ်အကျယ်ချုပ် ကိစ္စနဲ့ပတ်သက်လို့ရော အဲဒီလိုမျိုး လုပ်နေတာမျိုးတွေ ရှိပါသလားခင်ဗျာ။ -

“ကျနော်တို့ အဲဒီလိုလုပ်ဖို့ လုပ်ပေးမယ်ဆိုတဲ့ အခြေအနေ အရပ်ရပ်ကိုတော့ ကျနော်တို့ သတင်းပို့ထားတာ ရှိပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုက ရှေ့က စံပြအမှုအနေနဲ့ ကျနော်တို့ ဆောင်ရွက်တာပါ။ အဲဒီဆောင်ရွက်တဲ့ စံပြအမှုမှာကိုပဲ အခု အောက်တိုဘာလ ၉ ရက်နေ့က ကြေညာခဲ့တဲ့ အယူခံဟာ ဒီနေ့အထိ ကြားနာခွင့် မရသေးပါဘူး။”

ဟုတ်ကဲ့ခင်ဗျ။ အခု ဦးတင်ဦး က အသက်အရွယ်အရလည်း ပိုပြီးတော့ ကြီးရင့်ပြီးတော့ ကျန်းမာရေးအရလည်း မကောင်းဘူးလို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ဦးတင်ဦး နေအိမ်အကျယ်ချုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ရော တခုခုလုပ်ဖို့ အစီအစဉ် ရှိပါသေးသလားခင်ဗျာ။ -

“ကျနော်တို့ ဒါကတော့ လူကြီးတွေ အဆုံးအဖြတ် ပြုပါလိမ့်မယ်။ ဥပဒေအရ ဆောင်ရွက်နိုင်တာ၊ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သင့်တာတွေ ဒါတွေကိုတော့ ကျနော်တို့ အသိပေးထားပြီးသားဖြစ်ပါတယ်။”

ဟုတ်ကဲ့ခင်ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ လက်မှတ်ထိုးလှုပ်ရှားတဲ့ လှုပ်ရှားမှုတခုလုပ်တယ်ဆိုပြီးတော့ သတင်းထုတ်ပြန်ထားပါတယ်။ အခုလိုအချိန်မျိုးမှာမှ အခု ဦးတင်ဦး ကို နေအိမ်အကျယ်ချုပ် နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲခင်ဗျ။ -

ဥပဒေအရ နောက်ထပ် တိုးချဲ့တာတွေက တရားမဝင်တော့ဘူးလို့ ကျနော်တို့ အဲဒီလိုပဲ မြင်ပါတယ်။ အဲဒီတော့ ဥပဒေနဲ့ မညီဘူးပေါ့။ ဥပဒေနဲ့မညီဘဲ ဆက်လက်ချုပ်နှောင်တယ်လို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။”

အဲန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦး ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်ပြီးတိုးခဲ့တာနဲ့ ပတ်သက်လို့ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG