သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်


မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စွန့်လွှတ်စွန့်စားပြီး ဆောင်ရွက်ကြသူတွေအတွက် ဆုချီးမြင့်ပြီး ဂုဏ်ပြုတဲ့ အခမ်းအနားတခုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆုကို နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့ တချို့က ဦးစီးပြီး စီစဉ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်ပြောင်းလဲဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ပဓာန ကျတာမို့ ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်း ဆုကို ချီးမြှင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နော်ရှိုး က မေးမြန်းစုံစမ်းထားပါတယ်။

အခုလို အမျိုးသားပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆု ကို ချီးမြှင့်ခြင်း ခံခဲ့ရသူ ၅ ဦးကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဌ လက်ရှိထောင်တွင်း အကျဉ်းကျနေတဲ့ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသားကွန်ဂရက် က ဦးပူကျင်ရှင်းထန်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦး ဖြစ်ပြီး လက်ရှိထောင်တွင်း ရောက်နေတဲ့ နိုင်ငွေသိန်း၊ ရခိုင်ဒီမိုကရေးအဖွဲ့ချုပ်က ဦးအေးသာအောင်၊ အရင်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ကရင်အမျိုးသား အစည်းအရုံးက ပဒိုမန်းရှာ တို့ ဖြစ်ပါတယ်။ ဒီဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့တိုင်းရင်းသား အဖွဲ့တွေက ကော်မတီဖွဲ့ပြီး ပေးအပ်ချီးမြင့်ဖို့ စီစဉ်ခဲ့တာပါ။

ဒီဆုဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး သိရအောင် အဲဒီကော်မတီမှာ အဓိကပါဝင်သူထဲက တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုသူရိန် ကို မေးကြည့်တော့ သူက အခုလို ဖြေပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးက အဓိက လိုအပ်ချက်ပါပဲခင်ဗျ။ အဲဒီ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရင်ကြားမစေ့နိုင်ဘဲ မည်သည့်အဖွဲ့ မည်သည့်သူကမှ ဘယ်လုပ်ငန်းစဉ်ပဲ လုပ်လုပ် တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ရော ဘာတခုမှ ဖြစ်ထွန်းတိုးတက်မှာ မဟုတ်ဘူးလို့ ကျနော်တို့တော့ ဒီလိုပဲ ခံယူတယ်ခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ နိုင်ငံမှာ အမျိုးသားသွေးစည်းမှုကြီးက ရာစုနှစ်ဝက်ကျော်နေပြီခင်ဗျ။ အဲတော့ ကျနော်တို့က အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ လိုလာတယ်ခင်ဗျ။ အဲဒီအခါမှာ ကျနော်တို့က အပေးအယူ အလျော့အတင်းတွေ ရှိဖို့ လိုလာတယ်ခင်ဗျ။”

ဟုတ်ကဲ့။ ဒီပုဂ္ဂိုလ်တွေကို ဘယ်လို အချက်တွေကြည့်ပြီးတော့ ကော်မတီက ရွေးချယ်ခဲ့တာလဲရှင့်။ -

“ဒီခေါင်းဆောင် ၅ ဦးကို ပေးရတာကတော့ သူတို့ရဲ့ ဖြတ်သန်းမှု သူတို့ရဲ့ လုပ်ဆောင်ချက်တွေပေါ့၊ သူတို့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကျနော်တို့အနေနဲ့ စံနမူနာ ယူသင့်တယ်။ အမျိုးသား သွေးစည်းညီညွတ်ရေးအတွက် သူတို့က တောင်းဆို တိုက်ပွဲဝင်ခဲ့တယ်။ အဲဒီအတွက်လည်း ဖိနှိပ်သတ်ဖြတ် ခံရတယ်။ လုပ်ကြံသတ်ဖြတ်ခံရတယ်။ ညှင်းပမ်းနှိပ်စက် ခံရတယ်။ ထောင်တွင်းအကျဉ်းကျ ခံရတယ်။ ဒီလို ကြားကနေပြီးတော့ သူတို့ တစိုက်မတ်မတ် နဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့က အသိအမှတ်ပြုတယ်။ ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာခင်ဗျ။ နောက်ပြီးတော့ ကျနော်တို့ ဒီနေ့ လှုပ်ရှားမှုကြီးတခုလုံးမှာပဲဖြစ်ဖြစ်၊ အတိုက်အခံ အချင်းချင်းကြားမှာပဲ ဖြစ်ဖြစ်၊ အတိုက်အခံနဲ့ နအဖ စစ်အစိုးရနဲ့ကြားမှာပဲဖြစ်ဖြစ် ကျနော်တို့ဟာ အပြန်အလှန် တန်ဖိုထားတတ်မှုတွေ၊ အပြန်အလှန် အသိအမှတ်ပြုမှုတွေ ရှိဖို့ စိတ်ဓါတ်တွေ မွေးဖို့ ကျနော်တို့ လိုအပ်တယ်ခင်ဗျ။ ဒီအခြေခံက ကျနော်တို့ ဘယ်လုပ်ငန်းစဉ်ပဲလုပ်လုပ် ကျနော်တို့ အောင်မြင်မှာမဟုတ်ဘူးခင်ဗျ။ ဒါကြောင့်မိုလို့ ကျနော်တို့က ပြယုဒ် အဖြစ်နဲ့ ကျနော်တို့ ၈၈ မျိုးဆက်တွေကနေပြီးတော့ ဒီခေါင်းဆောင်တွေကို ညီညွတ်မှုရဲ့ ပြယုဒ်အဖြစ် ကျနော်တို့ ဒုတိယ လွတ်မြောက်ရေးတိုက်ပွဲရဲ့ ဒုတိယပင်လုံ ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ပြီး ကျနော်တို့ ပေးရခြင်းဖြစ်ပါတယ်ခင်ဗျ။”

ဟုတ်ကဲ့။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလို့ ဆိုတဲ့နေရာမှာ ပဋိပက္ခ ဖြစ်နေသူတွေအကြား ပြန်လည်ရင်ကြား စေ့တာကို ဆိုလိုတာလို့ နားလည်းထားကြတယ် ဆိုတော့ အခု ကိုသူရိန်တို့ ရွေးချယ်တဲ့ အထဲမှာ ဒီမိုကရေစီအင်အားစုတွေ ဘက်ကပဲဖြစ်နေတာကို တွေ့ရပါတယ်။

စစ်အစိုးရဘက်ကိုရော ဒီလိုဆုမျိုးနဲ့ အသိအမှတ်ပြုဖို့ အစီအစဉ်ရော ရှိနိုင်မလားရှင့်။ -

“ကျနော်တို့ အချင်းချင်းတင်မဟုတ်ဘဲနဲ့ နအဖ နဲ့ပါ ကျနော်တို့က အပြန်အလှန် နားလည်မှုရှိအောင် လုပ်နိုင်တာ၊ သူတို့ဘက်က တကယ် စစ်စစ်မှန်မှန်နဲ့ လုပ်ဆောင်လာတယ် ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဒါကို စစ်စစ်မှန်မှန်နဲ့ တကယ်လုပ်ဆောင်လာတယ် ဆိုရင်တော့ သူ့ကိုလည်း ကျနော်တို့ ဂုဏ်ပြုရမှာပဲခင်ဗျ။ ဒီဆု ချီးမြှင့်ဖို့ ကျနော်တို့က ဝန်မလေးဘူးခင်ဗျ။”

ဆက်လက်ပြီး ကိုသူရိန် က ဒီလိုဆုမျိုးကို နောင်လာမယ့် နှစ်တွေမှာလည်း ချီးမြှင့်နိုင်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ပါတယ်။ မနေ့က အခမ်းအနားမှာ ဆုချီးမြှင့်ခြင်းခံသူရသူ တဦးမှ တက်ရောက်နိုင်ခြင်းတော့ မရှိပါဘူူး။ မနှစ်ကကျဆုံးသွားတဲ့ ပဒိုမန်းရှာ ကိုယ်စား ဆုလာရောက် လက်ခံခဲ့သူ သမီးဖြစ်သူ နန့် ဇိုရာဖန် ကလည်း ဒီအခမ်းအနာမှာ သူရဲ့ခံစားချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျမ ပဒိုမန်းရှာ ရဲ့သမီး တယောက်အနေနဲ့ ပြီးတော့ ကရင်တမျိုးသားလုံး အတွက် ကျမ ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အဖေ လုပ်ဆောင်ခဲ့တဲ့ အလုပ်အကိုင်တွေပေါ့နော်။ ဒီမိုကရေစီ ရရှိရေးအတွက်ရော၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနဲ့ တိုင်းရင်းသား အားလုံး တန်းတူရေးပေါ့နော်။ ပျော်ပျော်ရွှင်ရွှင် အတူတကွ နေထိုင်နိုင်ကြဖို့ ဒီ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို သူ ယုံကြည်ခဲ့ပါတယ်။”

မနေ့က ဒီအခမ်းအနား ကျင်းပတဲ့နေ့ဟာ ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတာ တနှစ်တိတိ ဖြစ်တာမို့ ဝါရှင်တန်ဒီစီ မြို့တော်မှာရော ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေး အင်အားစုတွေအကြားမှာပါ အောက်မေ့ဖွယ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ပဒိုမန်းရှာကို ဘယ်သူက လုပ်ကြံ သတ်ဖြတ်ခဲ့သလဲ ဆိုတာကတော့ အခုထိ လက်သည် မပေါ်သေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG