သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး စုံစမ်းသူ ကင်တာနား နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံ


မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ
ကို စုံစမ်းဖို့ ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ အထူး
ကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနား
(Tomas Ojea Quintana) ဟာ ဒီကနေ့ ရန်ကုန်
အင်းစိန်ထောင်ကို သွားရောက်ပြီးတော့ နိုင်ငံရေး
အကျဉ်းသားတချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။
မွန်းလွဲပိုင်းလောက်က ရန်ကုန်အင်းစိန်ထောင်ထဲ
က ကျန်းမာရေးမကောင်းသူတွေ အပါအဝင်
နိုင်ငံရေးအကျဉ်းသားတချို့ကို တွေ့ဆုံခဲ့တာပါ။
လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့
ပတ်သက်လို့ စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ရောက်နေတဲ့ ကုလသမဂ္ဂ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနားက သူ့ရဲ့ ၆ ရက်ကြာ
ခရီးစဉ် တစိတ်တပိုင်းအဖြစ် နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံခဲ့တာပါ။ ရန်ကုန်မြို့
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရပြီး မကြာသေးခင်ကမှ နှစ်ရှည်ထောင်ဒဏ်
၁၅ နှစ် ကျခံခဲ့ရတဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်၊ ကျန်းမာရေးအခြေအနေ
ဆိုးရွားနေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကိုကျော်ကိုကို၊ နောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ
တွေရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက်ရင်း ကိုယ်တိုင် ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရတဲ့
လူငယ်ရှေ့နေ ကိုညီညီထွေး အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံဖြစ်တဲ့
အကြောင်း ရန်ကုန် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ ပြန်ကြားရေးတာဝန်ခံ
ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့တွေ့တာ ဒေါက်တာတင်မင်းထွဋ် အန်န်အယ်လ်ဒီ လွှတ်တော်အမတ်ရယ်၊
ဦးကျော်ကိုကိုရယ် တွေ့တယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းမှတ်တမ်းတင်ဖို့ နိုင်ငံတဝန်း
သွားရောက်ဖို့ စီစဉ်ထားတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ အခုလို နိုင်ငံရေး
အကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာ၊ အထူးသဖြင့် ကျန်းမာရေး ချို့တဲ့နေသူတွေနဲ့
တခြား နိုင်ငံရေးအကျဉ်းသားတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဖို့ပါ အကျဉ်းသား
မိသားစုဝင်တွေကတော့ ဆန္ဒရှိနေကြပါတယ်။ အခု မစ္စတာကင်တာနား တွေ့ဆုံခဲ့တဲ့
အထဲက အသည်းရောင်ရောဂါဝေဒနာ ခံစားနေရပြီး အင်းစိန်ထောင်တွင်းဆေးရုံမှာ
ကုသမှုခံယူနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုရဲ့မိခင် ဒေါ်စိုးစိုးသော်ရဲ့
ဆန္ဒကတော့ ဒီလိုပါ။

“တွေ့စေချင်တာပေါ့။ ဒါမှ သူတို့အနေနဲ့လည်း သိသွားမှာပေါ့။ ကျမကလေးက
အစတုန်းက ဘာမှမဖြစ်ပါဘူး။ ထောင်ထဲရောက်တော့မှ အနေအထိုင်၊ အစား
အသောက်လေးတွေ လိုသွားလို့ဖြစ်မှာပေါ့။ ဘာတခုခု ချို့ယွင်းသွားလဲတော့ မသိဘူး။
အဲဒါကြောင့်။ ရောဂါအနေနဲ့ကြတော့ ပြင်းတယ်၊ ရှင်းရှင်းပြောရရင်။ ဒီတခေါက်
ကျမတို့သွားတော့ သူက ဆေးစစ်ရမယ်တဲ့။ ဆေးစစ်ဖို့ကိစ္စမှာ ပထမတခေါက်တုန်းက
သူ့ကို ဆေးစစ်ပေးထားတဲ့အတွက် နည်းနည်းလိုနေသေးတာပေါ့၊ သူ့တို့အနေနဲ့
ငွေရေးကြေးရေး လိုနေသေးတာပေါ့။ အဲဒါကြောင့် ကျမတို့က သူ့ကို စရိတ်မျှပေး
ကျန်းမာရေးပေါ့လေ။ အဲဒီအတွက်ကြောင့် သူ့ကို စရိတ်ပေးရမယ်ပေါ့၊ ဆေးစစ်ခလေး
ပေါ့။ အဲဒါကြောင့် ၁၈,၀၀၀ ကျရင် ကျမတို့က ၉,၀၀၀ စိုက်ရတာပေါ့လေ။”

အထူးကိုယ်စားလှယ်ဟာ ခရီးစဉ်အစအဖြစ် တနင်္ဂနွေနေ့တုန်းကတော့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်
လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်ကိုလည်း
သွားရောက်ခဲ့တာပါ။ အခုလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံကို
သွားရောက်မယ့် သူ့ရဲ့ခရီးစဉ် အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်
က သွားရောက်ခဲ့တဲ့နောက်ပိုင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့
တိုးတက်ဖြစ်ထွန်းမှုတွေကို လေ့လာဖို့ပဲဖြစ်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်
ထားတာပါ။

ဒီခရီးစဉ်မှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပြီးမြောက်အောင်ဆောင်ရွက်ဖို့
ကုလသမဂ္ဂက တိုက်တွန်းထားတဲ့ ပြည်တွင်းဥပဒေတွေကို နိုင်ငံတကာ လူ့အခွင့်အရေး
စံတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ထဲမှာ လူ့အခွင့်အရေး
ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းဖို့၊ ယုံကြည်မှုကြောင့် အကျဉ်းချခံနေရသူတွေကို
လွှတ်ပေးဖို့၊ စစ်တပ်အတွင်းမှာ လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ပြောင်းလဲမှု
တွေ ပြုလုပ်ဖို့နဲ့ တရားစီရင်ရေး လွတ်လပ်မှုရှိစေဖို့ စတဲ့ကိစ္စတွေမှာ အာဏာပိုင်တွေ
ဘက်က ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ခဲ့ပြီးပြီလဲ ဆိုတာနဲ့ ပတ်သက်
ပြီးတော့လည်း သက်ဆိုင်ရာအရာရှိတွေနဲ့ ဆွေးနွေးဖို့ အစီအစဉ်တွေလည်း ပါဝင်ပါ
တယ်။

ဒါ့အပြင် မစ္စတာကင်တားနားဟာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့လည်း လွတ်လပ်
စွာ တွေ့ဆုံခွင့်ရဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အတိုက်အခံ
နိုင်ငံရေးအသိုင်းအဝန်းကတော့ သူတို့နဲ့ တွေ့ဖို့ဆုံဖို့ အစီအစဉ်တွေနဲ့ ပတ်သက်လို့
အခုအထိတော့ ဘာမှမသိရသေးဘူးလို့လည်း ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG