သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အင်ဒိုနီးရှားနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မည်


အမေရိနိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က ကမ္ဘာ့အကြီးဆုံး မွတ်ဆလင် နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ပိုမို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုးထားရှိဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။

စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာ့ အရေးကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင်လို့လည်း အင်ဒိုနီးရှား အစိုးရဆီက အကြံဉာဏ်တွေ တောင်းခံသွားမယ်လို့လည်း ပြောသွားပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ရာထူးလက်ခံခဲ့ပြီး ပထမဆုံး အာရှ လေးနိုင်ငံ ခရီးစဉ်အတွင်း ဒုတိယ တထောက်နားရာ အင်ဒိုနီးရှားနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့က ရောက်ခဲ့တုန်းမှာ မစ္စက် ကလင်တန်က အခုလို ပြောသွားတာပါ။ ဂျကာတာမြို့က ဗွီအိုအေ သတင်းထောက် ကေဒီဟာမန် က သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ဟီလာရီ ကလင်တန် ဖေဖေါ်ဝါရီ ၁၅ရက်နေ့က စတင်ခဲ့တဲ့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒုတိယ တထောက်နားရာ အင်ဒိုနီးရှားကို သူသွားရောက်တဲ့ အာရှခရီးစဉ်ကို ထည့်သွင်းထားတာကို ကြည့်ချင်းအားဖြင့် နှစ်နိုင်ငံခြား ဆက်ဆံရေး ပိုပြီး ရင်းနှီးစေချင်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဆန္ဒကို ထပ်လောင်း အတည်ပြုရာ ရောက်တယ်လို့ ဆိုရပါမယ်။

သမ္မတ အိုဘားမား အတွက်ကတော့ အင်ဒိုနီးရှားနဲ့ သူ ရေစက်ဆုံခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်လေးဆယ် နီးပါးကပါ။ သူငယ်စဉ်ဘဝက ဂျကတာမှာ ကျောင်းသွားတက်ရာကနေ စတင်တာဖြစ်ပါတယ်။ ဒီသမိုင်းကြောင်းကြောင့်လည်း အမေရိကန် ပြည်ထောင်စုနဲ့ သာမန် အင်ဒိုနီးရှား နိုင်ငံသားတွေကြား ပိုပြီး နွေးထွေးစေမှု ရှိခဲ့ပါတယ်။ ဒါကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဟဆန် ဝီတာယုဒက အခုလို ရှင်းပြခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ သမ္မတ အိုဘားမားက အတော်လေး အားကောင်းတဲ့ မဲဆန္ဒ နယ်မြေရှိတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် မဲပေးခွင့်တော့ မရှိတဲ့ မဲဆန္ဒနယ်မြေပေါ့ဗျာ။ အစိုးရရော အင်ဒိုနီးရှား ပြည်သူတွေကပါ သမ္မတ အိုဘားမား အလည်ပတ်လာရောက်ခဲ့မယ်ဆိုရင် သိပ်ပြီး သဘောကျ ကြိုဆိုကြမှာပါ။ ကျွန်တော်တို့လည်း အဲဒါကို ကြာကြာ မစောင့်နိုင်ကြတော့ပါဘူး။ ဒီသတင်းစကားကို သမ္မတ အိုဘားမား နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က တဆင့် ပါးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဟီလာရီ ကလင်တန်ရဲ့ လက်ရှိ ၂ရက်ကြာ အင်ဒိုနီးရှား ခရီးစဉ်မှာ ဒေသတွင်း အင်ဒိုနီးရှားရဲ့ အရေးပါမှုကိုလည်း ပိုပြီး သက်သေပြရာ ရောက်စေပါတယ်။ ကမ္ဘာ့ မွတ်ဆလင် လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား က အစ္စလာမ်၊ ဒီမိုကရေစီနဲ့ ခေတ်မှီတဲ့ စနစ်ဟာ အတူတကွ ယှဉ်တွဲနေကြုံသာမက ကြီးပွားတိုးတက်နိုင်တယ်လို့ လည်း သက်သေပြရာ ရောက်တယ်လို့ မစ္စက် ကလင်တန်က ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ အင်ဒိုနီးရှားဟာ နှစ်နိုင်ငံ အကျိုးစီးပွား မျှဝေနေရုံသာ မကပါဘူး။ တပြေးညီထားရှိတဲ့ စံထားချက်တွေလည်း ရှိကြပါတယ်။ နှစ်နိုင်ငံစလုံးက ဒီမိုကရေစီကို နှစ်ပိုက်ကြတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း အင်ဒိုနီးရှားက အပြောင်းလဲကြီး ပြောင်းလဲလာခဲ့တယ်။ အခိုင်အမာ တိုးတက်တဲ့ အဖွဲ့အစည်းတွေကို ထူထောင်နိုင်ခဲ့တယ်။ နိုးကြား ရှင်သန်တဲ့ လူနေမှု အဖွဲ့အစည်းတွေကို ကြိုဆိုပြီး ဖွင့်ဖြိုးအောင် လုပ်နိုင်ခဲ့တယ်။ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ရိုသေလေးစားပြီး အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို နှိမ်နှင်းနိုင်ခဲ့တယ်။ ဘာသာရေး ဂိုဏ်းကနကွဲတာတွေ၊ ခွဲထွက်ရေး ပဋိပက္ခတွေကိုလည်း အဆုံးသတ်နိုင်ခဲ့တယ်။ နောက်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေး အတွက် ပိုမို စိတ်ချ လုံခြုံစေတဲ့ ကမ္ဘာကြီး ဖြစ်လာစေဖို့လည်း ကျိုးပမ်းနိုင်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ ရာသီဥတုအပြောင်းအလဲလို အရေးကြီးတဲ့ ကိစ္စရပ်တွေ ကိုင်တွယ်ဖြေရှင်းရာမှာလည်း သူနဲ့အတူ သမ္မတ အိုဘားမားက အင်ဒိုနီးရှားနဲ့ ပိုပြီး ပြီးပြည့်စုံတဲ့ မိတ်ဘက် ဆက်ဆံရေးကို တည်ဆောက်လိုတယ်လို့လည်း မစ္စက် ကလင်တန်က ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အမေရိကန်ပြည်ထောင်စုနဲ့ အင်ဒိုနီးရှားအစိုးရက မြန်မာစစ်အစိုးရကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်လာစေဖို့ ဦးစီးဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ယူဆတဲ့အကြောင်းလဲ မစ္စက် ကလင်တန်က ပြောသွားပါတယ်။

ကျမတို့ လိုက်နာခဲ့တဲ့ လမ်းစဉ်ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာစစ်အစိုးရကို ပြောင်းလဲလာစေဖို့ လွှမ်းမိုးမှု မရှိနိုင်ဘူးဆိုတာဟာ သိသာသလို နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကျမတို့ ဆွေးနွေးမှုအတွင်း ထောက်ပြခဲ့သလိုပဲ မြန်မာစစ်အစိုးရကို လက်ကမ်းကြိုဆိုပြီး ဆက်ဆက်ဆံဆံ နေဖို့ ကြိုးပမ်းတဲ့ နည်းဟာလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် ဒါဟာ ပြဿနာပါပဲ။ အင်ဒိုနီးရှားအတွက်သာမက အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်းအတွက် ပါ ပြဿနာဖြစ်စေပါတယ်။ ဒါကြောင့် ကျမတို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် လုပ်ဆောင်သွားမယ်။ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲမျိုး ဖြစ်လာစေဖို့ အကောင်းဆုံး ဖေါ်ဆောင်နိုင်မယ့် နည်းလမ်းကို အင်ဒိုနီးရှားနိုင်ငံက အကြံဉာဏ်တွေကို ရယူရလိမ့်မယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ထိရောက်မှု မရှိဘူးလို့ မစ္စက် ကလင်တန်က ဆိုခဲ့တဲ့အတွက်ကြောင့်လည်း သူရာထူးလက်ခံစဉ်က ပြောသွားခဲ့တဲ့ အပြုသဘောဆောင်တဲ့ သံတမန်ရေး ဆက်ဆံမှု နဲ့ ဖိအားပေးမှုတို့ ကို ဉာဏ်ရည်နဲ့ ယှဉ်တွဲအသုံးချသွားမယ်ဆိုတဲ့ နည်းကို ဒီနေရာမှာ သုံးသွားမလား။ အိုဘားမား အစိုးရအနေနဲ့ အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်လောက် ရုတ်သိမ်းပေးဖို့ ကြိုးပမ်းသွားမလား ၊ ပေါ်လစီအသစ်တွေကို သုံးသပ်သွားမလားဆိုတဲ့ မေးခွန်းတွေကတော့ သတင်းမီဒီယာတွေမှာ ထွက်ပေါ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ဟတ်ဆန်ဝီဒါယုဒကတော့ သူ့ရဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံရေး ပြဿနာကို နယ်မြေ အချုပ်အခြာ ပိုင်ဆိုင်မှု ကိစ္စများကတဆင့် ကိုင်တွယ် ဖြေရှင်းသွားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ ခံစားနေရတဲ့ စီးပွားရေး အခက်အခဲနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေကိုလည်း အခြေခံသွားသင့်တယ်လို့ ဆိုပါတယ်။ အာစီယံ ချာတာကို ပြီးခဲ့တဲ့ နှစ် ဂျူလိုင်လက မြန်မာနိုင်ငံကလည်း အတည်ပြု ခဲ့တာကြောင့်လည်း လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အဲဒီကတဆင့် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆကြောင်းလည်း ဟတ်ဆန် ဝိဒါယုဒက ပြောသွားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်အနေနဲ့ အာစီယံ ဌာနချုပ်ကို သူ့ရဲ့ ခရီးစဉ်အတွင်းသွားရောက် လည်ပတ်ခဲ့ပြီးတော့ ဒေသ လုံခြုံရေး ညီလာခံကိုလည်း တက်ရောက်ဖို့ အမေရိကန် အနေနဲ့ စိတ်ဝင်စားမှု ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG