သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ


ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့စ် အိုဟေး ကင်တားနား (Tomas
Ojea Quintana) က မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စိန်ခေါ်မှုတွေ
ရှိနေဆဲပဲလို့ ပြောလိုက်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဒီကနေ့ အဆုံးသတ်အဖြစ်
မြန်မာနိုင်ငံက မထွက်ခွာခင် သံတမန်တွေ၊ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ
အခုလို ပြောလိုက်တာပါ။ မြန်မာနိုင်ငံကမပြန်ခင် ရန်ကုန် မင်္ဂလာဒုံ လေယာဉ်ကွင်းမှာ
သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စာနယ်ဇင်းသမားတွေကိုပါ ဖိတ်ပြီး အခုလို ပြောလိုက်တာ
ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနားက
သူ့ရဲ့ ၆ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုလို့
စာနယ်ဇင်းသမားတွေ လေယာဉ်ကွင်းကို အပြေးအလွှား သွားခဲ့ကြပေမယ့် အချိန်
တိုတိုသာရလိုက်လို့ မေးချင်တာတွေလည်း မမေးရ၊ သိချင်တာတွေလည်း အကုန်
မသိလိုက်ကြရဘူးလို့ အဲဒီကိုရောက်သွားတဲ့ သတင်းသမားတွေက ပြောပါတယ်။
ဒါပေမယ့်လို့ ဒီမိနစ်ပိုင်းလောက် အချိန်ပိုင်းအတွင်းမှာ သူပြောသွားတာကတော့
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စိန်ခေါ်မှုတွေ ရှိနေဆဲပဲဆိုပြီး
သူက မှတ်ချက်ပေး ပြောသွားတာပါ။

သူ့ခရီးစဉ်မှာ ဘယ်သူဘယ်ဝါတွေနဲ့ တွေ့ဆုံဖြစ်တယ်၊ ဘာတွေဆွေးနွေးဖြစ်တယ်
ဆိုတာတွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောမသွားခဲ့ပါဘူး။ ရန်ကုန်အခြေစိုက်
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်း
ကတော့ အခုခရီးစဉ် အဆုံးမသတ်ခင် ၂ ရက်စလုံးမှာ မြန်မာစစ်အစိုးရ အာဏာပိုင်
အဖွဲ့အစည်းတွေနဲ့သာ တွေ့ဆုံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့ကရယ်၊ ဒီနေ့ရယ်၊ ဒီနေ့ဆိုရင် ဒီက Human Rights Body ရယ်၊ ရဲချုပ်နဲ့၊
အခုပဲ နေပြည်တော်ကနေ တန်းပြန်လာတာ။ စောစောက သံတမန်တွေနဲ့ တွေ့တယ်။
ပြီးတော့ သတင်းသမားတွေနဲ့ တွေ့တယ်။ အခုပဲ လေယာဉ်ပျံပေါ် တက်သွားပါတယ်။”

တခြား တိုင်းနဲ့ပြည်နယ်ဆိုလို့ ကရင်နဲ့ မွန်ပဲလား၊ တခြားသွားဖြစ်သေးလား။

“မသွားဖြစ်ပါဘူးခင်ဗျ။ ဒီငါးရက်ခရီးမှာ မသွားဖြစ်ပါဘူး။”

နောက်တခုက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဖို့ဆိုပြီး ပြောထားတာရော ဘယ်သူ
တွေနဲ့ တွေ့ဖြစ်သေးလဲ။

“ဒီတခါတော့ မတွေ့ဖြစ်ပါဘူး။”

တကယ်တော့ သူ့ခရီးစဉ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ၊ အထူးသဖြင့်
နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံနေတာတွေ၊ ဒီလူတွေကို ပြစ်ဒဏ်ပေး
စီရင်နေတဲ့ တရားရေးစနစ်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို စုံစမ်းဖို့တွေ
ပါပါတယ်။ ဒီအတွက်လည်း သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့လို
တယ်ဆိုပြီး ခရီးစဉ်အစမှာ ပြောထားပါတယ်။ အစောပိုင်းမှာတုန်းကတော့ လူ့အခွင့်
အရေးကိုယ်စားလှယ် မရောက်ခင်ကလေးမှာပဲ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့
ရပြီး ရန်ကုန် အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်
အမတ် ၂ ဦးဖြစ်တဲ့ ဦးညီပုနဲ့ ဒေါက်တာတင်မင်းထွဋ် အပါအဝင် နိုင်ငံရေးအကျဉ်းသား
တချို့ကိုလည်း သူက တွေ့ဆုံခဲ့တာပါ။ ဒီမတိုင်ခင်တုန်းကလည်း ရန်ကုန်အခြေစိုက်
သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊
မွန်ပြည်နယ်တွေကိုလည်း သွားရောက်ခဲ့ပါသေးတယ်။

တကယ်တော့ အခုခရီးစဉ်အတွင်း မစ္စတာကင်တားနားဟာ လူ့အခွင့်အရေး အခြေ
အနေတွေကို လေ့လာစုံစမ်းနိုင်ဖို့အတွက် တွေ့ဆုံလိုသူတွေထဲမှာ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း
ထည့်သွင်းထားတာပါ။ ဒါပေမယ့်လည်း ခရီးစဉ်အတွင်း ရန်ကုန် အင်းစိန်ထောင်တွင်း
က နိုင်ငံရေးအကျဉ်းသားတချို့နဲ့သာ တွေ့ဆုံခွင့်ရခဲ့တာ၊ သူဆန္ဒရှိသလို နိုင်ငံရေး
အင်အားစုတွေနဲ့ တွေ့ဆုံခွင့်မရခဲ့တာမို့ ဒါဟာ ရည်မှန်းချက်တွေ အပြည့်အ၀ အထ
မြောက်တဲ့ ခရီးစဉ်တခုအဖြစ် မဆိုနိုင်ဘူးလို့ အတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက
ဆိုလိုက်ပါတယ်။

“ဒီခရီးစဉ်ကတော့ မစ္စတာကင်တားနားအနေနဲ့ သူဆောင်ရွက်ချင်တဲ့၊ သူစုံစမ်းချင်၊
တွေ့ဆုံချင်တဲ့ဟာတွေကို အပြည့်အ၀ တွေ့ဆုံခွင့် မရသွားတဲ့သဘော၊ ဒါကတော့
ပေါ်ပေါ်လွင်လွင် ရှိနေတယ်။ သူလုပ်မယ်ဆိုတဲ့ အဓိက အချက်လေးချက်၊ သူလုပ်ချင်
တဲ့ အချက်လေးချက်ထဲကလည်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ရင်တော့ သူ
နိုင်ငံရေးအကျဉ်းသားတချို့နဲ့၊ တချို့သော အစိုးရဌာနတွေနဲ့ တွေ့တဲ့နေရာမှာ သူ
အကဲခတ်လို့ရအောင် အချက်အလက်တော့ တချို့ ရသွားပါလိမ့်မယ်လို့ ကျနော်တို့
အဲဒီလိုပဲ ယုံကြည်ပါတယ်။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ မြန်မာစစ်အစိုးရက ကမကထလုပ်ပြီး ကျင်းပမယ့်
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပြည်တွင်းဥပဒေတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံ
တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့၊ ယုံကြည်မှုကြောင့် အကျဉ်းချခံနေရသူတွေကို
လွှတ်ပေးဖို့၊ တရားစီရင်ရေး လွတ်လပ်မှုရှိစေဖို့ စတာတွေ အပါအဝင် လူ့အခွင့်အရေး
အခြေအနေ တိုးတက်ဖို့ ကိစ္စတွေမှာ ကုလသမဂ္ဂက တိုက်တွန်းထားတဲ့အတိုင်း မြန်မာ
စစ်အစိုးရ အာဏာပိုင်တွေဘက်က ဘယ်လောက်အထိ ဆောင်ရွက်ပြီးပြီလဲဆိုတာကို
စုံစမ်းဖို့ဖြစ်တယ်ဆိုပြီးတော့ ခရီးစဉ်မတိုင်ခင်က သတင်းထုတ်ပြန်ထားခဲ့တာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG