သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနားနဲ့တွေ့ရန် ဦးဝင်းတင် ငြင်းဆန်


မစ္စတာကင်တားနားက သူ မပြန်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှု
ဆောင်တဦးလည်းဖြစ်၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်တဲ့
သတင်းစာဆရာကြီး ဦးဝင်းတင်ကို တွေ့ဆုံချင်ပါတယ်ဆိုပြီး ဒီနေ့ညနေပိုင်းမှာ မြန်မာ
အာဏာပိုင်တွေက သွားခေါ်ပေမယ့် ဦးဝင်းတင်က ငြင်းလိုက်ပါတယ်။ ဘာကြောင့်
အခုလို လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ငြင်းလိုက်သလဲဆိုတာကို မသင်းသီရိ
က ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဝင်းတင်က အခုလိုစဖြေပါတယ်။

“မစ္စတာကင်တားနားနဲ့တွေ့ဖို့ ရေတွေဘာတွေ ချိုးထားပါ၊ စိမ်းလဲ့ကန်သာမှာ သွားတွေ့
ရမယ်၊ လာခေါ်တော့မယ်လို့ ပြောတယ်။ ကျနော်က ပြောလိုက်တယ်၊ ကျနော်
ရေလည်းမချိုးနိုင်ဘူး၊ တွေ့လည်းမတွေ့နိုင်ဘူး၊ တွေ့ဖို့လည်းမလိုဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ခင်ဗျားတို့ခေါ်တိုင်း ကျနော် ဘယ်လိုက်နိုင်မလဲ။ ကျနော့်အဖွဲ့ချုပ်က
သိသလား၊ အဖွဲ့ချုပ်က စီအီးစီကို ဖိတ်ရဲ့လား၊ နောက် အခုတွေ့တာ ဘယ်ပုံစံနဲ့တွေ့တာ
လဲ၊ ခင်ဗျားတို့က ဘာလို့ ကျုပ်ကို လာခေါ်ရတာလဲဆိုတော့ မဟုတ်ပါဘူးတဲ့၊ မစ္စတာ
ကင်တားနားက ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ တွေ့ချင်တယ်တဲ့၊ အန်န်အယ်လ်ဒီတို့ ဘာတို့
မဖိတ်ပါဘူးတဲ့၊ အဲဒါနဲ့ ကျနော် ငြင်းလိုက်တယ်။ မတွေ့နိုင်ဘူး၊ ကျနော် တွေ့ဖို့လည်း
ရည်ရွယ်ချက်မရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါပါပဲ။”

“ကျနော် လက်ခံမတွေ့တာက အစိုးရလုပ်လို့ ဘာတို့ မဟုတ်ဘူးခင်ဗျ။ နည်းလမ်းတကျ
မလုပ်လို့။ နည်းလမ်းတကျမလုပ်ဘဲနဲ့ ကျနော့်ကိုဖဲ့ထုတ်ပြီးတော့ တယောက်တည်း
လာပြီး ခေါ်တွေ့ဖို့ အစိုးရက စီစဉ်ပေးတယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူး။ လက်မခံနိုင်
တဲ့အတွက် ကျနော် ငြင်းလိုက်တာ။”

အခုလိုဆိုတော့ စစ်အစိုးရက ဖဲ့ထုတ်ပေးတာမဟုတ်ဘဲနဲ့ မစ္စတာကင်တားနား
ကိုယ်တိုင် ဆရာ့ကို သီးသန့် ပုဂ္ဂိုလ်ရေးအရ တွေ့ချင်တာမျိုးလို့ရော ယူဆလို့မရဘူး
လား။

“ယူဆမယ်ဆိုလည်း ယူဆနိုင်တာပေါ့ဗျာ။ ဒါပေမယ့် လာတဲ့ချန်နယ်က ဘယ်ကလာလဲ
ဆိုတာတော့ တည်တာပေါ့ဗျာ။ လာတဲ့ချန်နယ်က အစိုးရက စီစဉ်ပေးတဲ့ အစီအမံ
အတိုင်းပဲ သူလုပ်ရမယ်။ ဆိုလိုတာက သူ့ခရီးစဉ် တလျှောက်လုံးတောင်မှ အစိုးရရဲ့
အစီအမံနဲ့ ဟိုသွား၊ ဒီသွား၊ ဟိုလူတွေ့၊ ဒီလူတွေ့၊ ဆိုတဲ့အတိုင်းပဲ လုပ်သွားတဲ့ဟာမှာ
သူက ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ တွေ့ချင်တဲ့သဘော ရှိကောင်းရှိမယ်။ သို့သော်
အစိုးရရဲ့ ဟိုဟာလုပ်၊ ဒီဟာလုပ်၊ ဟိုလူ့ခေါ်၊ ဒီလူ့ခေါ် ဆိုတာမျိုးကို ကျနော် သူ့အတွက်
လည်း လက်မခံနိုင်ဘူး၊ သူ့ခရီးစဉ်မှာ အဲဒီလိုစီမံတာလည်း လက်မခံနိုင်ဘူး၊
အလားတူပဲ ကျနော့်အနေနဲ့လည်း ဒီလိုဟာမျိုးကို လက်မခံနိုင်ဘူး။ ပုဂ္ဂိုလ်အရရော၊
အဖွဲ့အစည်းဝင် တယောက်အနေနဲ့ရော လက်မခံနိုင်တဲ့အတွက် ကျနော် ငြင်းလိုက်
တာဖြစ်ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဆရာဦးဝင်းတင်ကို သီးသန့်တွေ့
ဖို့ ဖိတ်တဲ့အခါ ဆရာ့အနေနဲ့ အခုလို သွားမတွေ့လိုက်တာဟာ တိုင်းပြည်အတွက်
နစ်နာတယ်လို့ ဆရာ မထင်ဘူးလားရှင့်။

“မထင်ပါဘူး။ လုပ်ငန်းတခုဆိုတာ ပုံမှန်၊ နည်းမှန် လုပ်မှသာလျှင် ဖြစ်မှာပေါ့။ ဥပမာ
ကျနော်က ကင်တားနားနဲ့ သွားပြီး လက်ဝါးချင်းရိုက်နေလို့ တိုင်းပြည်မှာ ဘာအကျိုး
ရှိမှာလဲ၊ ဘာမှမရှိနိုင်ဘူး။ ကင်တားနားနဲ့ သွားပြီး လက်ဝါးချင်း မရိုက်တဲ့အတွက်ရော
တိုင်းပြည်မှာ ဘာအကျိုးယုတ်စရာရှိလဲ၊ ဘာမှမရှိဘူး။ အလုပ်တခုက နည်းမှန်၊
လမ်းမှန်၊ စနစ်မှန်နဲ့ လုပ်မှသာလျှင် အကျိုးဖြစ်ထွန်းမှုဆိုတာ ရှိနိုင်တာပေါ့။ ဒီဟာတွေ
မရှိဘဲနဲ့ နှစ်ယောက်ချင်းကိစ္စ၊ သုံးယောက်ချင်းကိစ္စ လုပ်လို့ ဘယ်ရမလဲ။

“အမှန်အတိုင်းပြောရရင် ဒီလူ့အခွင့်အရေးကိစ္စကို ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂက
မစ္စတာကင်တားနား အရေးကြီးသလိုပဲ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်
နေတဲ့ နအဖအစိုးရလည်း အရေးကြီးတယ်ဗျာ။ နောက်တခါ ဒီလူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို ရပ်တန်းကရပ်ပါ၊ တော်ပါတော့၊ ပြုပြင်ပါတော့၊ ပိတ်ပင်ပါတော့၊
ရပ်စဲပါတော့လို့ တောင်းဆိုနေတဲ့ အန်န်အယ်လ်ဒီလို နိုင်ငံရေးအင်အားစုကလည်း
အရေးကြီးပါတယ်။ အဲလို သုံးဦးသုံးဖလှယ် အရေးကြီးနေတဲ့နေရာမှာ ကျနော်
တယောက်တည်း ဝင်ပြီးပြောလို့တော့ ဘာမှမထူးနိုင်ဘူးလို့ ကျနော်ယူဆတယ်။
အဲဒါကြောင့် ကျနော်က ငြင်းလိုက်တာ။

“ကျနော်ပြောချင်တာက မြန်မာပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အလွန်
ကြီးမား၊ ပြင်းထန်၊ ဆိုးသွမ်း၊ ရက်စက်ကြမ်းကြုတ်နေတဲ့အတွက် ဘာနဲ့တူသလဲဆိုရင်
ငရဲခန်းကြီးလိုပဲ ဖြစ်နေတယ်။ အဲဒါကြောင့် ခင်ဗျားတို့တွေ နောင်ကို လာတဲ့အခါမှာ
ဟိန္ဒူကုလားမီးနင်းပွဲလာသလို လာပြီးတော့ မီးပေါ် လမ်းလျှောက်ကြည့်သလို
လျှောက်တာမျိုး မလုပ်ပါနဲ့။ ခင်ဗျားတို့ ဆီပူလောင်တာပဲ အဖတ်တင်မှာပဲ။ ဘာမှမထူး
ဘူး။ လာမယ့်လာရင် မီးသတ်သမားပုံစံနဲ့ လာကြပါ။ မီးသတ်သမားတွေလို လာကြပါ။
မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှု လောင်မီးကြီးကျနေတာကို ဝိုင်းဝန်း
ငြှိမ်းသတ်ကြပါလို့ ကျနော်ပြောချင်ပါတယ်၊ မေတ္တာရပ်ခံချင်ပါတယ်၊ တောင်းပန်ချင်
ပါတယ်၊ ပန်ကြားချင်ပါတယ်။”

လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားနဲ့ တွေ့ဆုံဖို့ ငြင်းလိုက်တဲ့
ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG