သုံးရလွယ်ကူစေသည့် Link များ

မြန်မာခရီးစဉ် မစ္စတာဂမ်ဘာရီ အားမရ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း (၅) ကြိမ်မြောက် မြန်မာနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲတခုမှာ အစီရင်ခံရာမှာ သူ့ရဲ့ ခရီးစဉ်အတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် ဖြစ်ထွန်းတိုးတက်မှုတွေ မရရှိခဲ့ဘူးလို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်း ရာမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တချို့က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေ ပြောဆိုခဲ့သလဲ ဆိုတာကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ အနေနဲ့ ဇန်နဝါရီလ ၃၁ ရက်နေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ သူ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာအောက်မှာ ကြိုးပမ်းရာမှာ တိုးတက်မှု မရရှိခဲ့ဘူးလို့ လုံခြုံရေးကောင်စီကို အစီရင်ခံခဲ့တယ်လို့ အခုလို သတင်းထောက်တွေကို သောကြာနေ့က ပြောခဲ့ပါတယ်။

“ကျနော့်အနေနဲ့ လုံခြုံရေးကောင်စီကို အစီရင်ခံရာမှာ ကျနော့်ခရီးစဉ်ရဲ့ ရလဒ်တွေမှာ လက်ဆုပ်လက်ကိုင်ပြနိုင်မယ့် တိုးတက်မှုတွေ မရှိခဲ့ဘူးလို့ အစီရင်ခံခဲ့ပါတယ်။ ဒါပေမယ်လို့ တချို့ အချက်တွေမှာတော့ လှုပ်ရှားမှုတွေ မြင်ရသယောင်တော့ ရှိပါတယ်။ အခုချိန်ဟာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးနဲ့ အစိုးရနဲ့ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ပါဝင်တဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့ သံန္နိဌာန် ခိုင်မာတယ် ဆိုတာကိုပြသဖို့ အချိန်ဖြစ်တယ်လို့ စစ်အစိုးရကို ကျနော် ပြောခဲ့ပါတယ်။”

မစ္စတာ ဂမ်ဘာရီရဲ့ ဒီတကြိမ် ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ တွေ့ဆုံခွင့်မရရှိခဲ့ပေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဲန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်တွေအပြင် အက်စ်အဲန်အယ်လ်ဒီ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တချို့အပြင် မြန်မာစစ်အစိုးရ ပြောခွင့်ရ ဝန်ကြီးအဖွဲ့နဲ့လည်း တွေ့ဆုံခွင့် ရခဲ့ပါတယ်။

အခုလို တွေ့ဆုံရာမှာ အုပ်စုအားလုံးတို့ရဲ့ တင်ပြချက်တွေကို သူ့အနေနဲ့ လုံခြုံရေး ကောင်စီထံကို အစီရင်ခံခဲ့တယ်လို့ မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရအတွက် အခုချိန်မှာ လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် အရေးယူဆောင်ရွက်မှုမျိုး ပြချိန်တန်ပြီလို့လည်း အကြံပေးခဲ့တဲ့အကြောင်း မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အစိုးရကို ထောက်ပြခဲ့တယ်။ အခုချိန်ကစလို့ နောင်လာမယ့်လတွေအတွင်း မြန်မာစစ်အစိုးရဖက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုရော ထိပ်သီးညီလာခံကျင်းပဖို့ရှိတဲ့ အာဆီယံကိုရော ဧပြီလ ပထမ ပတ်မှာ အာဆီယံနဲ့ ကုလသမဂ္ဂအကြား ကျင်းပမယ့် ထိပ်သီးညီလာခံကိုရော မြန်မာနိုင်ငံအပေါ် ပေါ်လစီအသစ်ပြောင်းဖို့ လေ့လာသုံးသပ်နေတဲ့ အမေရိကန်အစိုးရကိုရော အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာ ပြသသင့်တဲ့ အချိန်ကောင်းဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။”

မြန်မာစစ်အစိုးရအနေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အကျဉ်းသား ၆,၀၀၀ ကျော် ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ မစ္စတာ ဂမ်ဘာရီ ကတော့ အခုလွှတ်ပေးမယ့် အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မယ့်အရေအတွက် ဘယ်လောက် ပါသလဲ ဆိုတာ အရေးကြီးတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဘဝကို စာနာတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ဂျိန် မောရစ် ရီပဲတ် (Jean – Maurice Ripert) ကတော့ မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အားရကျေနပ်ဖွယ် မတွေ့ရဘူးလို့ အခုလို ပြောခဲ့ပါတယ်။

“သူ့ရဲ့ အစီရင်ခံစာကတော့ အားရစရာ မကောင်းပါဘူးလို့ ဝမ်းနည်းစွာပဲ ပြောရမှာပါ။ သူ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မတွေ့ခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကတော့ မှန်ပါတယ်။ ဒါကတော့ အနည်းဆုံး ဒီလောက်တော့ ဖြစ်ရမှာပေါ့။ ဒါပေမယ်လို့ မြန်မာအာဏာပိုင်ထံက တကယ်စစ်မှန်တဲ့ တံခါးဖွင့်မယ့် အရိပ်လက္ခဏာမျိုး သူ မရရှိခဲ့ပါဘူး။ တခုခုတော့ လုပ်ပေးပါ့မယ် ဆိုတဲ့ မရေရာတဲ့ ဂတိသာ ရရှိခဲ့ပါတယ်။”

ဒါ့အပြင် ပြင်သစ်အပါအဝင် အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီကို သုံးသပ်နေပြီး လိုအပ်ရင် လုံခြုံရေးကောင်စီမှာ တင်ပြမယ်လို့လည်း ပြင်သစ်သံအမတ်ကြီးက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ရေးကို အခြေခံရပါမယ်။ ဒါပေမယ့် လာမယ့်ရက်တွေမှာ ဘာမှဖြစ်မလာဘူး ဆိုရင်တော့ လုံခြုံရေးကောင်စီအနေနဲ့ တာဝန်သိသိနဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်သလို ပြင်သစ်နိုင်ငံကလည်း လုပ်သင့်တာကို လုပ်ဆောင်သွားမှာပါ။ ဗြိတိန်သံအမတ်ကြီး ဂျွန် ဆောရက်စ် (John Sawers) ကတော့ သူ့အစိုးရအနေနဲ့ မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အားရကျေနပ်မှု မရှိဘူးလို့ အခုလို ပြောပါတယ်။

“ကျနော်တို့ အစိုးရအတွက် တကယ်ပဲ အလေးထားတဲ့ စိုးရိမ်မကင်းဖြစ်တဲ့ ကိစ္စရပ်တွေမှာ တိုးတက်မှုမရရှိတာကတော့ ဝမ်းနည်းစရာပါ။ အခြေအနေဟာ နောက်ပြန်ဆုတ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ၆၅ နှစ်လောက် အကျဉ်းထောင်ထဲ ချခံနေရတာကို မြင်တွေ့နေရပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့် မရှိတဲ့အတွက် အရေးယူခံကြရတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကပဲ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို နယ်ထောင်တွေဆီ ပို့လိုက်ကြတယ်။ အခုဆို နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ရှိသွားပါပြီ။”

ဒါ့အပြင် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံ သွားရောက်ဖို့အချိန်ဟာလည်း အခုချိန် အချိန်ကောင်းဖြစ်တယ်လို့ မစ္စတာ ဆောရက်စ် က ပြောပါတယ်။ မစ္စတာ ဂမ်ဘာရီ စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ ကိစ္စရပ်တွေကို မစ္စတာ ဘန်ကီမွန်း သွားရောက်ရင် စွမ်းဆောင်ပေးနိုင်မယ့် အလားအလာရှိတယ်လို့လည်း သူက တင်ပြသွားပါတယ်။

လက်ရှိလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဂျပန်သံအမတ်ကြီး ယူကီယို တာကာဆူ (Yukio TAkasu) ကတော့ ဂျပန်နိုင်ငံရဲ့ သဘောထားကို အခုလို တင်ပြသွားပါတယ်။

“ဂျပန်တို့ အမြင်ကတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒီမိုကရေစီ လမ်းပြမြေပုံကို ဖော်ဆောင်ဖို့ အဆင့် ၄ ဆင့် ရောက်နေပြီ။ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ကလည်း စီစဉ်ထားပြီးသား ဖြစ်တယ်။ ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရဖို့ မျှော်လင့်တယ်။ အတိုက်အခံ အင်အားစု အားလုံး ပါဝင်ရမယ်လို့လည်း မျှော်လင့်တယ်။” - လို့ ဂျပန် သံအမတ်ကြီးက ပြောသွားတာဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီ အနေနဲ့ကတော့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ရာမှာ တရုတ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့အပြီး မြန်မာအကြောင်း ဆွေးနွေးခဲ့ရာမှာတော့ ကုလသမဂ္ဂက တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို ထောက်ခံတဲ့အကြောင်း မြန်မာနိုင်ငံ တည်ငြိမ်ပြီး ဒီမိုကရေစီ ဖော်ဆောင်နိုင်မှာ မြန်မာနိုင်ငံအတွက်သာမက ဒေသတခုလုံးအတွက်ပါ အကျိုးရှိမှာဖြစ်တယ်လို့ တရုတ်က ရှုမြင်တဲ့အကြောင်း တရုတ်က သူ့ကို ပြောခဲ့တယ်လို့ မစ္စတာ ဂမ်ဘာရီ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG