သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တွေ့ဆုံဆွေးနွေး အဖြေရှာရန် အီးယူ တိုက်တွန်း


မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်မှုတွေ ဖြစ်လာစေဖို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုသံတွေ ထွက်ပေါ်နေတဲ့အထဲမှာ အခုနောက်ဆုံးကတော့ အီးယူ (ဥရောပ သမဂ္ဂ) ကလည်း အလားတူ တိုက်တွန်းလိုက်ပါတယ်။ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်ပြီး နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းလိုက်တာပါ။ ဒါနဲ့ ပတ်သက်လို့ အီးယူ (ဥရောပ သမဂ္ဂ) နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှုတွေ ပေါ်ပေါက်စေဖို့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးပြီးတော့ သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ က တိုက်တွန်းထားသလို လုပ်ပါဆိုပြီး အီးယူ ကလည်း တိုက်တွန်းလိုက်တာပါ။ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ သွားခဲ့ပြီး သူ့ရဲ့ခရီးနဲ့ ပတ်သက်လို့ သောကြာနေ့တုန်းကပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစီရင်ခံခဲ့တဲ့ နေရာမှာ နိုင်ငံရေးအခြေအနေတွေ တိုးတက်မှု မရှိဆဲပဲ ဖြစ်နေတယ်ဆိုပြီး ပြောဆိုလိုက်တဲ့နောက် အခုလို နောက်ဆက်တွဲ တိုက်တွန်းတောင်းဆိုသံတွေလည်း ထွက်ပေါ်လာတာပါ။ မနေ့တုန်းကပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများလို့ အမည်ပေးထားတဲ့ အဖွဲ့ရဲ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အီးယူ အလှည့်ကျ ဥက္ကဋ္ဌ ချက်သမ္မတ နိုင်ငံခြားရေးဝန်ကြီး ကာရဲလ် ရွှာဇင်ဘက်ခ် (Karel Schwarzenberg) ကလည်း အလားတူ တိုက်တွန်းလိုက်တာလို့ ချက်သမ္မတနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဆူဇန်နာ အိုပလာတလိုဗာ (Zuzana Opletalova) က ပြောပါတယ်။

“နိုင်ငံတကာအသိုင်းအဝန်းက စိုးရိမ်မကင်းဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံက တစိုက်မတ်မတ် လုပ်ဆောင်ပါတယ် ဆိုတာကို ပြသဖို့ အချိန်တန်နေပါပြီလို့ မစ္စတာ ဂမ်ဘာရီက ပြောဆိုလိုက်တဲ့အပေါ်မှာ အီးယူ ဥက္ကဋ္ဌကလည်း တသဘောတည်း ရှိပါတယ်။”

အီးယူ ဥက္ကဋ္ဌက မြန်မာနိုင်ငံက နိုင်ငံရေး လုပ်ငန်းစဉ်ဟာ ထင်သာမြင်သာမရှိဘူး၊ လွတ်လပ်မျှတမှု မရှိဘူး၊ အခြေခံဥပဒေမူကြမ်း ရေးဆွဲတဲ့ နေရာမှာလည်း အတိုက်အခံတွေပါဝင်ခွင့် မရဘဲရေးဆွဲခဲ့တယ် ဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးတော့လည်း ထောက်ပြပြောဆိုခဲ့တာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ဖို့ တိုက်တွန်းခဲ့တာတွေလည်း ရှိခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ထိန်းသိမ်းထားသူတွေ အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေး ပါတီတွေအပေါ် ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့နဲ့ တိုင်းရင်းသားလူမျိုးစုတွေ အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ အာဏာပိုင်တွေအကြား အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်ဖို့ ဥက္ကဋ္ဌ က ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။”

ချက်သမ္မတနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဆူဇန်နာ အိုပလာတလိုဗာ ဖြစ်ပါတယ်။ တချိန်တည်းမှာ မနေ့တုန်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါ့မယ်လို့ စစ်အစိုးရက ပေးထားတဲ့ကတိအတိုင်း တည်ဖို့၊ နောက် မြန်မာပြည်ကို ထပ်သွားပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ လိုလားကြောင်း ပြောဆိုခဲ့တာပါ။ မြန်မာစစ်အစိုးရ ဖက်ကတော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရှေ့ဆင့်နောက်ဆင့် ဆိုသလို သွားပြီးတဲ့နောက် အကျဉ်းသားတွေ ထောင်နဲ့ချီ လွှတ်ပေးတာတွေ ရှိခဲ့ပေမယ့် ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလောက်သာ ပါဝင်တဲ့ အတွက်ကြောင့် မို့လို့လည်း ဒါတွေဟာ လုံလောက်မှု မရှိဘူးဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဝုဒ် က မနေ့တုန်းက ပြောခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG