သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အာဆီယံ အလေးထားဆွေးနွေးမည်


မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ
တွေကို အာဆီယံပဋိညာဉ်စာတမ်းပါ
ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ဆောင်နိုင်မှာ
ပါလို့ အာဆီယံတာဝန်ရှိသူတွေက ပြောနေ
ကြပါတယ်။ မနက်ဖြန်မှာ ထိုင်းနိုင်ငံက
ဟွာဟင်း ပင်လယ်ကမ်းခြေ အပန်းဖြေ
စခန်းမှာ အာဆီယံ ထိပ်သီးအစည်းအဝေး
ကျင်းပမှာဖြစ်ပါတယ်။ ထိပ်သီးအစည်း
အဝေးအကြို မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့
အခြေအနေကို ထိပ်သီးအစည်းအဝေး
ကျင်းပမယ့်နေရာမှာ ကိုယ်တိုင်သတင်း
သွားယူနေတဲ့ ဗွီအိုအေဝိုင်းတော်သူ
ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

၁၄ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေရတဲ့
ထိုင်းနိုင်ငံအနေနဲ့ ဒေသတွင်း လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရှေးရှုပြီး
ဥက္ကဋ္ဌဆိုတဲ့ တာဝန်ဝတ္တရားတွေကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်သွား
မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က အခုလို
ပြောပါတယ်။

“အာဆီယံအသင်းကြီးကနေ ထိုင်းနိုင်ငံက ဘာတွေမျှော်လင့်နေသလဲ ဆိုတာထက်
အာဆီယံအတွက် ထိုင်းနိုင်ငံက ဘာလုပ်ပေးနိုင်သလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။
အလှည့်ကျဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်တွေကို အကျေပွန်ဆုံးဖြစ်အောင် ကဏ္ဍပေါင်းစုံမှာ
ကျန်အဖွဲ့ဝင် ၉ နိုင်ငံနဲ့ တသားတည်းကျအောင်၊ ပိုပြီးကျစ်လစ်တဲ့ အဖွဲ့အစည်း
ဖြစ်အောင် လုပ်ဆောင်သွားမယ်” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အာဆီယံ ထိပ်သီးညီလာခံ အကြိုအဖြစ် ဒေသတွင်း လူထုအခြေပြု အဖွဲ့အစည်းတွေက
ဦးဆောင်ပြီး ဥပဒေပြု ပါလီမန်လွှတ်တော်အမတ်တွေပါမကျန် အာဆီယံအသင်းဝင်
မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အာဆီယံ
ထိပ်သီးညီလာခံကနေ ဘယ်လိုကိုင်တွယ်သွားမယ်၊ အာဆီယံ ပဋိညာဉ်စာတမ်းပါ
ပြဋ္ဌာန်းချက်တွေကိုရော တိတိကျကျ လိုက်နာကျင့်သုံးသွားမှာလားဆိုတာနဲ့ ပတ်သက်
လို့ မစ္စတာ ကဆစ် ပီရွမ်းက အခုလိုပြောပါတယ်။

“အာဆီယံ လူ့အခွင့်အရေးကောင်စီအတွက် မူကြမ်းရေးဆွဲဖို့ အကြမ်းဖျင်း ချမှတ်ထား
တာ အားလုံးအသိပဲ ဖြစ်မှာပါ။ ဒီနေ့ည အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ညစာ
စားပွဲမှာ မြန်မာ့အရေးကို အလွတ်သဘော ဆွေးနွေးကြဖို့ ရှိပါတယ်။ မနက်ဖြန်ကြရင်
တရားဝင်ပိုဖြစ်မယ့် အခြေအနေနဲ့လည်း ဆွေးနွေးကြမှာကတော့ သေချာသလောက်
ပါပဲ” လို့ ပြောပြသွားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး အဆင့်မြင့်လုပ်ငန်းအဖွဲ့က
စုံစမ်းစစ်ဆေးထားတာတွေကို တင်ပြကြမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့
လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး အခုအချိန်အထိ ဘာတွေသိရှိထားတယ်၊
ဘာတွေကို ထောက်ခံအကြံပြုမလဲ ဆိုတာကို မနက်ဖြန်မှာ ကြားရဖို့ရှိပါတယ်လို့
ဆိုပါတယ်။ အာဆီယံနိုင်ငံတွေအကြား စိုးရိမ်မကင်း ဖြစ်ရတာတွေကို ဒီအချိန်မှာ
ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြဖို့ အချိန်ကောင်းဖြစ်တယ်လို့လည်း ပြောဆို
သွားပါတယ်။

ဒီနေ့ကစပြီး ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံကနေ ဒီထိပ်သီးညီလာခံပြီးဆုံးမယ့်
မတ်လ ၁ ရက်နေ့အထိ မြန်မာ့အရေးကို ဘယ်လိုများ ဆွေးနွေးကြမလဲ ဆိုတာကိုတော့
မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေတဲ့ အလွတ်သတင်းစာဆရာ လယ်ရီ ဂျေဂင်
(Larry Jagan) က အခုလိုသုံးသပ်ပါတယ်။

“လူသိရှင်ကြား ပြင်းပြင်းထန်ထန် ကြေညာချက်တွေ ထုတ်ပြန်လိမ့်မယ်လို့တော့
ကျနော် မယူဆပါဘူး။ ဒါပေမယ့် ကန့်လန့်ကာနောက်ကွယ်မှာတော့ ဖိအားပေးတာ
တွေ ပိုပြီးလုပ်လာတာကို တွေ့ရနိုင်ပါတယ်။ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်
အဖမ်းခံရပြီးနောက်ပိုင်း ဒီတခါဖိအားပေးတာဟာ အရှိန်အမြင့်ဆုံးလည်း ဖြစ်နိုင်
ပါတယ်။ ရိုဟင်ဂျာပြဿနာကလည်း ဒီထိပ်သီးဆွေးနွေးပွဲမှာ နေရာယူဖို့ သေချာ
သလောက်ပါပဲ။” လို့ ခန့်မှန်းပြောဆိုသွားပါတယ်။

“အာဆီယံအသင်းဝင် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကလည်း မြန်မာပြည် ရခိုင်
ပြည်နယ်မြောက်ဘက်ကလာတဲ့ ရိုဟင်ဂျာ မူဆလင်တွေအတွက် အားမနာတမ်း
ပြောဆိုဆွေးနွေးနိုင်ကြပါတယ်။ နောက်တချက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတာ ၆ နှစ်ရှိပြီဆို
တော့ ဒေါ်အောင်ဆန်းစုကြည်ကို စပြီးဖမ်းကတည်းက အာဆီယံအသင်းကြီးကနေ
တရားဝင် လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မှတ်တမ်းတွေလည်း အခုထိ ရှိနေပါသေး
တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိုလည်း ကန့်လန့်ကာ
နောက်ကွယ်မှာ ဖိအားပေးကြမှာပါလို့ ယူဆကြောင်း” လည်း ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG