သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်


ဒီနေ့ ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းမှာ အာဆီယံ ထိပ်သီး စည်းဝေးပွဲ ဖွင့်လှစ်တဲ့အခါ စီးပွားရေးနဲ့ ငွေကြေးကိစ္စရပ်များကို ထိပ်ဆုံးထား ဆွေးနွေး ကြမယ်လို့ ခန့်မှန်းနေကြပါတယ်။

စည်းဝေးပွဲ တက်ရောက်ကြဖို့ အာဆီယံအသင်းဝင် ၁၀ နိုင်ငံက
ခေါင်းဆောင်များ ကြာသပတေးနေ့ကတည်းက စတင်ရောက်ရှိနေကြပါပြီ။

ကမ္ဘာ့ခြိမ်းခြောက်မှုများကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့ ကိစ္စနဲ့ ၂၀၁၅ ခုနှစ်မှာ ဒေသကုန်သွယ်ရေးအုပ်စု ထူထောင်ရေးကိုလည်း ဆွေးနွေးကြဖွယ် ရှိပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း ထိုင်းနိုင်ငံကို စုဝေး ရောက်ရှိ လာကြပြီး လူ့အခွင့်အရေးကိစ္စရပ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံက ထွက်ပြေး လာကြသူတွေ နေထိုင်နေကြရတဲ့ ဒေသတွင်း ဒုက္ခသည်စခန်းများကိစ္စနဲ့၊ လှေစီးထွက်ပြေးလာကြပြီး ပင်လယ် ထဲမှာ အတိ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာများကိစ္စတို့မှာ အာရုံစိုက်ကြဖို့လည်း ဖိအားပေး တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရေး ဖိအားပေးကြဖို့ အရှေ့တောင်အာရှ နိုင်ငံများက ပါလီမန်အမတ်များအဖွဲ့ကလည်း အာဆီယံခေါင်းဆောင်များကို တိုက်တွန်းနေကြပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေက အာဆီယံအသင်းရဲ့ ဂုဏ်သိက္ခာကို ထိပါးစေနေပြီ၊ အဲဒါကြောင့် အာဆီယံ ခေါင်းဆောင်များအနေနဲ့ သူတို့ရဲ့သြဇာကိုသုံးပြီး လုပ်ဆောင်ပေးကြပါလို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့မာဆယ် (Scott Marciel) ကလည်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG