သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားများ လွှတ်ရန် အာဆီယံက မြန်မာအစိုးရကို တိုက်တွန်း


မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေး အစုအဖွဲ့ အားလုံး ပါဝင်ခွင့်ပြုဖို့ အာဆီယံ ခေါင်းဆောင်တွေက မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာ စစ်အစိုးရက စီစဉ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ လုပ်ငန်းစဉ်တွေကို ဆက်ပြီး ဆောင်ရွက်သွားဖို့လည်း အာဆီယံ ခေါင်းဆောင်တွေက တွန်းအားပေးကြပါတယ်။ အကြောင်းစုံကို ဦးသားညွန့်ဦးက တင်ပြပေးပါမယ်။

ဖေဖေါ်ဝါရီ ၂၈ရက်နေ့ကစတင်ခဲ့ပြီး မတ်လ ၁ရက်နေ့မှာ ပြီးဆုံးသွားတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာ နိုင်ငံ အရေးကိစ္စကို တရားဝင် ဆွေးနွေးခဲ့ကြတာပါ။ ဒီနေ့ နောက်ဆုံးရက် ပိတ်ပွဲ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝက်ချာချီဝက် က မြန်မာ့အရေး အရေးကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်းမှာ ဆွေးနွေးခဲ့ကြတာကို အခုလို ပြန်ပြီး ရှင်းလင်းသွားပါတယ်။

“မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ ဝန်ကြီးချုပ်က အခြေအနေတွေကို ရှင်းလင်းတင်ပြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စီစဉ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ အတိုင်းလည်း လုပ်ငန်းစဉ်တွေကို အစုအဖွဲ့အားလုံး ပါဝင်ခွင့် ရနိုင်သမျှ ပါဝင်နိုင်အောင် လုပ်ပြီးတော့ ဆက်ပြီးဆောင်ရွက်သွားဖို့ အာဆီယံ ခေါင်းဆောင်တွေက မြန်မာ အစိုးရကို အားပေး တိုက်တွန်းခဲ့ကြပါတယ်။ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ ပါဝင်ခွင့်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။”

နောက်ဆုံး ထုတ်ပြန်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာလည်း ဒီအကြောင်းကို ထည့်သွင်းထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နောက် နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေး အဖွဲ့အားလုံး ပါဝင်ဖို့၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အလားအလာကောင်းတွေ ရလာဖို့ အမျိုးသား ညီညွတ်ရေး တည်ဆောက်ဖို့ကိုလည်း အာဆီယံ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အိန္ဒိယ သမုဒ္ဒရာက တရားမဝင် နိုင်ငံ ဖြတ်ကျော်သူများလို့ ခေါင်းစဉ်တပ် သုံးနှုန်းထားပြီးတော့ ရိုဟင်ဂျာ ဆိုတာကို ရှောင်ပြီး သုံးထားတာကို တွေ့ရပါတယ်။

“အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိတဲ့ တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်သူတွေ ကိစ္စကို ဒေသ ပြဿနာ အဖြစ်နဲ့ သတ်မှတ်ကိုင်တွယ်ဖို့ သဘောတူခဲ့ကြပါတယ်။ မတ်လမှာ ကျင်းပမယ့် လူကုန်ကူမှု တိုက်ဖျက်ရေးနဲ့ နိုင်ငံ ဖြတ်ကျော်သူများ အရေး ဘာလီဆွေးနွေးပွဲမှာ ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။”

လှေစီးပြေး ရိုဟင်ဂျာ ကိစ္စကတော့ အာဆီယံ နိုင်ငံတွေအတွင်းမှာ ဆွေးနွေးကြဦးမယ့် သဘောပါ။ ဒီကိစ္စကလည်း ဒေသတွင်း နိုင်ငံတွေရဲ့ အကျိုး စီးပွားနဲ့ တိုက်ရိုက်ဆက်နွယ်နေတာမို့ အာဆီယံက ဒေသ ပြဿနာ တရပ်လို့ သဘောထားနိုင်ကြပေမဲ့ မြန်မာ့ဒီမိုကရေစီရေးကတော့ အစည်းအဝေးပြီးတဲ့အချိန်မှာ ကြေညာချက်ထဲမှာ တိုက်တွန်းထားတဲ့ သဘောလောက်ပါပဲ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG