သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်တပ်ဖွဲ့တွေ ရုပ်သိမ်းရေး အစီအစဉ် ပန်တဂွန် အရာရှိတွေ လက်ခံ


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားရဲ့ အမေရိကန်တပ်တွေ အီရတ်နိုင်ငံကနေ ပြန်လည် ထွက်ခွာဖို့ အစီအစဉ်ကို အမေရိကန် ထိပ်ပိုင်း စစ်ဘက် ခေါင်းဆောင်တွေက ထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအစီအစဉ်ကို သတ်မှတ်ထားတဲ့ အချိန်အတွင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ကနေ VOA သတင်းထောက် Paula Wolfson သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

အမေရိကန်တပ်တွေ အီရတ် နိုင်ငံကနေ ပြန်ထွက်ခွာဖို့အတွက် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး တဲ့နောက် အီရတ်စစ်ပွဲကို အဆုံးသတ်မယ့် အစီအစဉ်ကို သမ္မတ အိုဘားမားက အမေရိကန် တပ်ဖွဲ့ဝင်တွေကို သောကြာနေ့ မှာ ကြေငြာခဲ့ပါတယ်။

အီရတ်နိုင်ငံမှာလုပ်ဆောင်နေတဲ့ စစ်ဆင်ရေးကို ၂၀၁၀ ခုနှစ် သြဂုတ်လကုန်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

အီရတ်နိုင်ငံမှာ အခုလက်ရှိ ရှိနေတဲ့ တပ်သာ ၁ သိန်း ၄ သောင်း ၂ ထောင်ထဲက ၃ ပုံ ၂ ပုံ လောက်ကို ပြန်လည် ရုပ်သိမ်း မှာ ဖြစ်ပါတယ်။ ကျန်တဲ့ တပ်သား ၃၀၀၀၀ ကနေ ၅၀၀၀၀ ကိုတော့ အသွင်ကူးပြောင်းရေးတပ်ဖွဲ့တွေအဖြစ်နဲ့ အီရတ်နိုင်ငံ မှာ ဆက်ပြီးတော့ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီတပ်ဖွဲ့တွေလည်း အီရတ်နိုင်ငံကနေ သတ်မှတ်ထားတဲ့ အချိန်တွင်းမှာ ပြန် ထွက်ခွာမှာ ဖြစ်ပါတယ်လို့ သူက ဆက်ပြီး ပြောသွားပါတယ်။

"၂၀၁၁ ခုနှစ်အကုန်မှာတော့ အီရတ်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေအကုန်လုံးကို ပြန်ရုပ်သိမ်းနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။"

အခုလို ၂၀၁၁ ခုနှစ် အကုန်မှာ အမေရိကန် တပ်တွေ အီရတ်နိုင်ငံကနေ ပြန်လည် ထွက်ခွာဖို့ အစီအစဉ်ဟာ သမ္မတ ဘွတ်ရှ် ရဲ့ အစိုးရ သက်တမ်း ပြီးဆုံးခါနီးမှာ နှစ်နိုင်ငံ သဘောတူညီခဲ့တာကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ အီရတ်နိုင်ငံက ဆုတ်ခွာမယ့် အစီအစဉ်တွေ ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့အတွက် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ စွမ်းဆောင်နိုင်မှု တာဝန်တွေကို အိုဘားမားက ဆက်လက် ထိန်းချုပ်ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်ဟာ အရင်သမ္မတဘွတ်ရှ်အစိုးရ လက်ထက်ကနေ အခုအိုဘားမားအစိုးရအဖွဲ့ကို ပြန်ပါဝင်လာတဲ့ တဦးတည်းသော အမေရိကန် အစိုးရ ထိပ်ပိုင်းအရာရှိ ဖြစ်ပါတယ်။ ဒါပေမဲ့ NBC ရုပ်မြင်သံကြားရဲ့ Meet The Press အစီအစဉ်နဲ့ အင်တာဗျူးမှာတော့ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုမှာ မဟုတ်တဲ့ အကြောင်းကို သူက အခုလို ပြောကြား လိုက်ပါတယ်။

"ဒီအစီအစဉ်ကို သိသိသာသာပြောင်းလဲမှုတွေလုပ်ဖို့ ဖြစ်နိုင်ခြေကတော့ အတော်ကိုဝေးတယ်လို့ ကျနော်ပြောရမှာပါပဲ၊
၂၀၁၁ ခုနှစ်အထိ အီရတ်နိုင်ငံမှာ အသွင်ကူးပြောင်းရေးတပ်တွေအများကြီးထားတာကို မကြိုက်တဲ့ သမ္မတအိုဘားမားရဲ့ ဒီမိုကရက်ပါတီဝင်တွေက ဝေဖန်ပြောဆိုနေတာနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရက်ပါတီဝင်တွေရဲ့ တာဝန်က စစ်မြေပြင် မှာတာဝန်ထမ်းဆောင်နေတဲ့ တပ်သားတွေရဲ့တာဝန်နဲ့တော့ ဘယ်လိုမှတော့ တူနိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြ ပြောဆို သွားပါတယ်။ အီရတ်နိုင်ငံမှာ ကျန်ခဲ့မယ့် တပ်ဖွဲ့တွေအနေနဲ့ အန္တရာယ်တွေကို အခု ရင်ဆိုင်နေရတာ လောက် ဆိုးတော့မှာ မဟုတ်ပေမဲ့ ဆက်ပြီးရင်ဆိုင်နေကြရမှာကိုတော့ လက်ခံပါတယ်။"

အီရတ်နိုင်ငံမှာ ကျန်ခဲ့မယ့် တပ်တွေရဲ့ တာဝန်တွေဟာ လုံးဝကို ကွဲပြား ခြားနားသွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ ကျန်ခဲ့မယ့် တပ်တွေကို အကြံပေးတပ်ဖွဲ့နဲ့ ထောက်ပံ့ရေး တပ်ဖွဲ့တွေဆိုပြီး ခွဲခြားထားလိုက်မှာ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေကို တိုက်ခိုက် ရေး တပ်တွေလို့တော့ ခေါ်နိုင်မှာ မဟုတ်ပါဘူး။

သမ္မတ အိုဘားမားဟာ စစ်ခေါင်းဆောင်တွေရဲ့အကြံပေးချက်တွေကို သေချာနားထောင်ပြီး ခွဲခြမ်း စိတ်ဖြာမှုတွေ ပိုပြီး လုပ်တာကြောင့် အီရတ်နိုင်ငံကနေ အမေရိကန် တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်နေတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး တော့ ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်နဲ့ ရေတပ်ဦးစီးချုပ် Mike Mullen တို့က အားရ ကျေနပ်နေကြပါတယ် ခင်ဗျာ။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG