သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ အင်္ဂါနေ့ည ဗုံးနှစ်လုံးပေါက်ကွဲ


မတ်လ ၃ ရက်၊ အင်္ဂါနေ့ည ၉ နာရီခွဲလောက်က ရန်ကုန် စမ်းချောင်းမြို့နယ်မှာ ပထမဗုံး ပေါက်ကွဲခဲ့ပါတယ်။ ည ၁၁ နာရီလောက်မှာတော့ ကမာရွတ်မြို့နယ်မှာ ဒုတိယဗုံး ပေါက်ကွဲခဲ့ပါတယ်။ ဗုံးကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ မတွေ့ရဘူးလို့ မျက်မြင်တွေက ပြောပါတယ်။ ဗုံးကွဲမှုတွေ ဖြစ်ပြီးနောက် သက်ဆိုင်ရာက အနီးအနားတဝိုက်ကို
လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။ အခုလို ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး ဗုံးကွဲခဲ့တဲ့နေရာကို ကိုယ်တိုင် သွားကြည့်ခဲ့သူနဲ့ ဆက်သွယ်မေးမြန်းပြီး မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့ အင်္ဂါနေ့ည ၉ နာရီကျော်လောက် စမ်းချောင်းမြို့နယ် ကားမှတ်တိုင်အနောက်ဘက်က ကလေးအားကစားကွင်းလို ဖြစ်နေတဲ့ ပဒုမ္မာပန်းခြံကွင်းလေးအတွင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမှုဟာ အသံကျယ်လောင်တဲ့အတွက် ပတ်ဝန်းကျင်က သတိထားမိကြပြီး အဲဒီပန်းခြံနားကို လူအများအပြား သွားကြည့်ခဲ့ကြပါတယ်။ ဒီပေါက်ကွဲမှု အတွင်းမှာ အပျက်အစီး၊ အဆုံးအရှုံးတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ၊ အသေအပျောက်တွေရှိတာ မတွေ့ခဲ့ရဘူးလို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

“၉ နာရီ ၂၀ လောက်မှာပါ။ မြေနီကုန်း၊ ပဒုမ္မာပန်းခြံနားမှာ ပေါက်သွားတာပါ။ ပေါက်ပြီးတော့ လူတွေဘာတွေတော့ ဝင်ခွင့်ပိတ်လိုက်တယ်၊ အဲဒီနားကို။ ချက်ချင်းပဲ လူတွေကလည်း ကြည့်နေတာ ကြည့်လို့မရတော့ဘူး။ လူတွေကတော့ အသံ နည်းနည်းကျယ်တယ်လို့ ပြောတယ်။ ကျနော်တို့က ပေါက်ပြီးတော့မှ သွားတာကိုး။ စစ်တပ်လည်း လာတယ်၊ ရဲလည်း လာတယ်၊ အရပ်ဝတ်နဲ့ရဲတွေ၊ မီးသတ်တွေလည်း လာတယ်။ ရန်ကုန်ဘက်တက်တဲ့လမ်းကို ပိတ်ပစ်လိုက်ပြီး ခွေးတွေနဲ့ လိုက်ရှာတယ်။ လူတွေကတော့ ဘာမှမဖြစ်ပါဘူး၊ ပန်းခြံထဲမှာဖြစ်တာဆိုတော့။”

အခု စမ်းချောင်း ပဒုမ္မာပန်းခြံတွင်း ပေါက်ကွဲမှုကို စစ်တပ်နဲ့ ရဲတွေက စစ်ဆေးနေချိန်မှာပဲ လှည်းတန်းမီးပွိုင့်အနီးမှာလည်း နောက်ထပ်ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကိုလည်း အဲဒီမျက်မြင်သက်သေက သူကိုယ်တိုင်သွားကြည့်ခဲ့ရလို့
သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေကို အခုလိုဆက်ပြောပြပါတယ်။

“မြေနီကုန်းမှာပေါက်တာကို ကြည့်နေတဲ့အချိန်မှာ သူတို့ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ပြေးထွက်ပြီး စစ်ကားတွေပေါ်ကို ပြေးတက် သွားကြတယ်။ အဲဒါနဲ့ လူတွေကလည်း နောက်ထပ်တလုံးတွေ့လားဆိုပြီး ဟိုဘက်ကားလမ်းကို ပြေးကြတာပေါ့။ ပြေးတဲ့ အချိန်မှာ သူတို့က မြောက်ဘက်ကို တက်သွားတယ်။ တချို့ ကိုယ်ပိုင်ကားရှိတဲ့လူတွေကတော့ လိုက်ကြည့်တာပေါ့။ ကျနော်တို့လည်း တက္ကဆီနဲ့ လိုက်ကြည့်တဲ့အခါကြတော့ လှည်းတန်းမှာ နောက်တလုံးပေါက်တာ ဖြစ်နေတယ်။ အဲဒီမှာလည်း အင်းစိန်လမ်းမကြီးဘက်က ကားလာတာတွေကို ပိတ်လိုက်တယ်။ တလုံးနဲ့တလုံးက မိနစ် ၄၀ လောက်ပဲ
ကွာမယ်။ ၁၀ နာရီ ၁၀ မိနစ်လောက်မှာ ပေါက်သွားတာ။”

စမ်းချောင်းနဲ့ လှည်းတန်းနားမှာဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနှစ်ခုစလုံးဟာ မိနစ်အပိုင်းအခြားအတွင်း ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီနှစ်နေရာစလုံးမှာ သေဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အချိန်ပိုင်းအတွင်း အဲဒီနေရာ တွေကို ရဲတွေက ဖြတ်သန်းသွားလာခွင့်၊ ကြည့်ရှုခွင့်တွေ ပိတ်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

“ပေါက်ပြီး ကျနော်တို့ရောက်တဲ့အချိန်ကြတော့ တပ်ကလည်း ရောက်နေပြီ၊ ရဲတွေလည်း ရောက်နေပြီ၊ မော်တော်ပီကယ်တွေလည်း ရောက်နေပြီ။ ပေါက်ပြီးတော့မှရောက်သွားတော့ သူတို့ အဝါရောင်ကြိုးတွေ တန်းလိုက်တယ်။ အခုနောက်ဆုံး ကျနော်တို့သိသလောက်တော့ အင်းစိန်ဘက်သွားတဲ့ ရန်ကုန်-အင်းစိန်လမ်းကို ပိတ်လိုက်တယ်။ အခု ပြန်ဖွင့်လား၊ မဖွင့်လားတော့ မသိသေးဘူး။ ပြည်လမ်းဘက်တခြမ်း ဖွင့်ထားတယ်၊ လှည်းတန်းဈေးဘက် ဖွင့်ထားတယ်။ ရဲတွေက ဘာလာလုပ်တာလဲ၊ သွား၊ ဓာတ်ပုံရိုက်ထားတယ်၊ နောက်တခါပြဿနာတက်လို့ ခေါ်မေးမခံချင်ရင်
ပြန်ကြဆိုပြီး ရဲက အဲဒီလိုအော်တယ်။ လူတွေက အများကြီးရောက်လာပြီး ရုတ်ရုတ် ရုတ်ရုတ်နဲ့ဆိုတော့။ လူတွေကတော့ တော်တော်များတယ်။ မီးကလည်း ပြတ်နေတယ်။ လှည်းတန်းလည်းပြတ်နေတယ်၊ ပဒုမ္မာကွင်းလည်း ပြတ်နေတယ်။”

ပေါက်ကွဲမှုနှစ်ခုစလုံးကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ရန်ကုန်က မျက်မြင်သက်သေတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုတွေက မနေ့ညပိုင်းက ဖြစ်ခဲ့တာမို့ အစိုးရဘက်က တရားဝင် ထုတ်ပြန်ကြေညာတာမျိုးတော့ မလုပ်ရသေး ပါဘူး။ ဖြစ်ခဲ့တဲ့လကလည်း ပဲခူးတိုင်းအတွင်းမှာ ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်သလို အဲဒီပေါက်ကွဲမှုအတွင်းမှာလည်း ထိခိုက် ဒဏ်ရာရတာ၊ သေဆုံးတာ မရှိပါဘူး။ ၂၀၀၈ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရန်ကုန်မြို့လယ်မဟာဗန္ဓုလ ပန်းခြံနားက ဘတ်စ်ကားမှတ်တိုင်မှာ ပေါက်ကွဲမှုတခုဖြစ်ပြီး အဲဒီတုန်းကတော့ လူ ၁၂ ဦးနီးပါး ဒဏ်ရာရခဲ့ပါတယ်။

အခုလို ပေါက်ကွဲမှုတွေ ဖြစ်တဲ့အခါတိုင်း မြန်မာစစ်အစိုးရကတော့ ဒီဖောက်ခွဲမှုတွေကို ပြည်ပရောက် နိုင်ငံရေးအဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပယောဂမကင်းဘူးလို့ ပြောဆိုလေ့ရှိပါတယ်။ ဒါပေမယ့် ပြည်ပအတိုက်အခံ အင်အားစုတွေနဲ့ မြန်မာစစ်အစိုးရစွပ်စွဲတဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ ဒီဖောက်ခွဲမှုတွေဟာ သူတို့နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့လည်း ချေပပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG