သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ထိန်းသိမ်းရေး စခန်းတွင်း မြန်မာ အလုပ်သမား ပြည့်နှက်


မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို လူဝင်မှုကြီးကြပ်ရေးကတဆင့် ထိုင်းနယ်စပ်ဆီ ပြန်ပို့ပေးနေတာကို ထိုင်း ဘက်က အကြောင်းအမျိုးမျိုးနဲ့ လက်မခံတဲ့အတွက်ကြောင့် ထိန်းသိမ်းရေးစခန်းတွေမှာ အများအပြား ပြည့်ကျပ်နေတယ် လို့သိရပါတယ်။ အခြေနေတွေကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် VOA သတင်းထောက် ကိုကျော်ထင်က ပြောပြပါတယ်။

ဒီရက်ပိုင်းထဲ မလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးမှုပိုများလာသလို ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရသူတွေကိုလည်း ထိုင်းနယ်စပ်ကို ပို့ဆောင်လို့ မရတာကြောင့် စခန်းတွေမှာ မြန်မာ ရွှေ့ပြောင်းတွေ ပြည့်ကျပ်နေတယ်လို့ သိရပါတယ်။

မလေးရှား လဝက က ပြီးခဲ့တဲ့ လထဲမှာ ထိုင်းနယ်စပ်ကို ပြန်ပို့လို့ မရတာကြောင့် လင်းခေး၊ စမုံညှင်း၊ လပ်ကပ်၊ မာလကား၊ ကဒါးနဲ့ ဂျိုဟိုး ထိန်းသိမ်းရေး စခန်းတွေမှာ မြန်မာ ရွှေ့ပြောင်းတွေ ပြည့်ကျပ်နေတယ်လို့ ကွာလာလမ်ပူ အခြေစိုက် BWRPC မြန်မာအလုပ်သမား ကာကွယ်ရေး ကော်မတီက ဒီနေ့ သတင်း ထုတ်ပြန်ထားပါတယ်။

BWRPC အဖွဲ့က ကိုရဲမင်းထွန်းက ဆက်တိုက်ဖမ်းဆီးနေတာနဲ့ ထိန်းသိမ်းရေးစခန်းတွေရောက်နေတဲ့ အလုပ်သမားတွေ အခြေနေကို အခုလို ပြောပြပါတယ်။

“နေ့တိုင်း ဖမ်းနေတော့ ဒီနယ်စပ်ကို သွားမသွန်တော့ အဲဒီမှာ ပြည့်ကျပ်နေတော့ သူတို့ တော်တော် ဒုက္ခရောက်တယ်ဗျ၊ Camp ထဲမှာ စားရသောက်ရတာကလည်း မဝဘူး၊ နောက်ပြီး ရေကအစ အခက်ခဲရှိတယ်လေ။”

ပုံမှန်အတိုင်းဆိုရင် ထိန်းသိမ်းရေး စခန်းတခုစီက တပတ်ကို အနည်းဆုံး အယောက်(၁၀၀) ကျော်ခန့် ထိုင်းနယ်စပ်ကို ပြန်ပို့ခံရတာ ဖြစ်ပါတယ်။ အဲဒီလို ပြန်ပို့တဲ့နေရာမှာ မလေးရှား လဝက ကနေ ထိုင်းအာဏာပိုင်တွေဆီ လွှဲတာကို တရားဝင်လက်ခံခဲ့ပြီးမှ အခုချိန်ကျမှ ဘာလို့ ခုလို ပိတ်ရလိုက်သလဲဆိုတာကို ကိုရဲမင်းထွန်းက ခုလို သုံးသပ်ပြပါတယ်။

“ပုံမှန်က မလေးဘက် ဗွန်းတာက ဆဒါအိုကို လွှဲပေးတာမဟုတ်ဘူးဗျ။ မလေးဘက် ဗွန်းတာက နယ်စပ်ကနေပြီးတော့ Traffickers တွေလာမယ်ဗျာ၊ လာပြီး ဒီလူတွေကို ဟိုဘက်ကို ယူသွားတာ၊ အဲဒါ တရားဝင်လိုဖြစ်နေပြီ၊ အခု အဲဒီဟာကို ပေးမလုပ်တော့တာ၊ ဆိုလိုတာက ကျနော်ထင်တာ ထိုင်းဘက်က ဒီလို၊ မလေးဘက်က ရိုဟင်ဂျာတွေ ပြဿနာ တက်နေတယ်မို့လား၊ ရိုဟင်ဂျာတွေကို ဖမ်းပြီးတော့ လာဗွန်းမှာကို ကြောက်ပုံရတယ်၊ ဒါကတော့ အဆိုးမြင်ပေါ့၊ အကောင်းမြင်ကျတော့ သူတို့ Human Trafficking ကို တိုက်ဖျက်ဖို့ အတွက်လုပ်တယ်။”
ဝဲနေ ဆိုတာ မလေးရှား ဘာသာ စကားနဲ့ အမှိုက် စွန့်ပစ်တာ ဖြစ်ပြီး၊ ဆဒါအို ဆိုတာ ထိုင်းနယ်စပ်ဂိတ်ကြီး တခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းက လူကုန်ကူးသူတွေဟာ ပြန်ပို့ ခံရသူတွေဆီက အခကြေး ငွေယူပြီး ထိုင်း-မြန်မာနယ်စပ်သို့ ပြန်ပို့ပေးတာရှိသလို မပေးနိုင်သူတွေကိုတော့ ထိုင်း လုပ်ငန်းရှင်တွေဆီ ရောင်းစားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မလေးရှား၊ ထိုင်းနဲ့ မြန်မာတို့အကြား ဖမ်းဆီပြန်ပို့ခံ တရားမဝင် အလုပ်သမားတွေနဲ့ ပတ်သက်လို့ သဘောတူညီမှုတွေ ရှိတဲ့အကြောင်း အလုပ်သမားအရေး လှုပ်ရှားသူ ကိုထွန်းဝင်းညွန့်က ခုလိုပြောပါတယ်။

“သုံးနိုင်ငံ သဘောတူညီချက်၊ ထိုင်းရယ်၊ ဗမာရယ်၊ မလေးရယ် သုံးနိုင်ငံ တရားဝင် သဘောတူညီချက်အရ မလေးက ဖမ်းပို့တဲ့ လူတွေကို ထိုင်းလဝက လက်ထဲ အပ်ရမယ်။ ထိုင်း လဝကကမှ ဗမာ လဝက လက်ထဲ အပ်ရမယ်ဆိုတဲ့ သဘောတူ ညီချက် သူတို့မှာ ရှိပြီးသား၊ နောက်ပိုင်းမှာ သူတို့တွေက ဥပဒေ မလိုက်နာဘဲနဲ့ နယ်စပ်မှာ ရှိတဲ့ လူပွဲစားတွေကို လက်သိပ်ထိုးပေးတဲ့ ကိစ္စတွေ ဘာတွေ လုပ်လာတယ်”

ပြီးခဲ့ရက်ပိုင်းအတွင်း တရားဝင်ပတ်စပို့ကိုင်ထားတဲ့ မြန်မာအမျိုးသမီးတွေလည်း ဖမ်းဆီး ခံရတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ BWRPC က ကိုကျော်ထူးအောင် က ခုလို ပြောပြပါတယ်။

“အခု မစုစုထွေးနဲ့ ကျန်တဲ့ အမျိုးသမီး (၅)ယောက်၊ အဲဒီ ကောင်မလေးတွေက ပတ်စပို့စ်နဲ့ ဒီမှာ ပါမစ်နဲ့ အလုပ်လုပ်နေတာ၊ နောက်ပြီး ကျနော်တို့ ထပ် သတင်းကြားတာက မိန်းခလေးတင် မကဘူး ယောက်င်္ကျားလေးတွေ၊ ပတ်စပို့စ်ရှိတဲ့သူတွေပါ ပါသွားတယ်ကြားတယ်”

မလေးရှားရောက် မြန်မာ အလုပ်သမားတွေဟာ ပွဲစားတွေကတဆင့် တရားဝင်ရော၊ တရားမဝင်ရော နေရပ်ရင်းကို ပြန်ဖို့ လုပ်ရာမှာ အခက်အခဲ အမျိုးမျိုးနဲ့ ကြုံရပြီးတော့ တရားမဝင်စဉ် ဆက်လက်နေထိုင်စဉ် ဖမ်းဆီးခံရရင်လည်း နေရပ်ရင်း ပြန်ရောက်ဖို့ မလွယ်ကူကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG