သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မူးယစ်ဆေးဝါးကိစ္စ အမေရိကန် အစီရင်ခံစာ စစ်အစိုးရ ပယ်ချ


မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမေရိကန်က အကောင်းမြင်အောင် လုပ်ဆောင်နေတာမဟုတ်ဘဲ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အမေရိကန်ပြည်ထောင်စုရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာကို သိပ် အလေးအနက် မထားပါဘူးလို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံက တုံ့ပြန်လိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး နှစ်ပတ်လည်အစီရင်ခံစာဟာ အခြေအမြစ်မရှိ၊ နိုင်ငံရေးအရ ထိုးနှက်ချက်သာ ဖြစ်တာကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက လက်မခံဘဲ ပယ်ချတဲ့အကြောင်း ဒီနေ့ထုတ် မြန်မာ သတင်းစာတွေမှာ ရေးသားဖော်ပြလိုက်ပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ်ဗဟိုရုံး ဌာနမှူး ရဲမှူးကြီးခမ်းအောင်ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းတဲ့အခါ ရဲမှူးကြီးခမ်းအောင်က အခုလိုစဖြေပါတယ်။

“ကျနော်တို့ ဘယ်လောက်ကောင်းအောင်လုပ်လုပ်၊ ကျနော်တို့ ဘယ်လောက် ကြိုးစား ကြိုးစား ကျနော်တို့လုပ်နေတာသည် သူတို့အမြင်မှာ ကောင်းအောင်ဆိုတာမျိုး လုပ်နေတာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံအတိုင်းအတာနဲ့ ဒါ လုပ်ကိုလုပ်ရမယ်၊ နိုင်ငံတကာအကူအညီ ရရ မရရ ကျနော်တို့ လုပ်ရမယ်၊ ကိုယ့်နိုင်ငံရဲ့ တာဝန်ဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ တိုက်ဖျက်ရမှာ ကိုယ့်နိုင်ငံရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ခံယူပြီးတော့ ယူအန်ရဲ့ Convention မှာလည်း အဖွဲ့ဝင်ဖြစ်ပြီးတော့၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်နေတာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့တော့ ဒါကို သိပ်ပြီး အလေးမထားပါဘူး။ မျက်မှန်စိမ်းတပ်ပြီး ကြည့်ရင်တော့ ဒီလိုပဲ အစိမ်းပဲ မြင်နေမှာပဲလို့ ကျနော့်အနေနဲ့တော့ အဲဒီလိုပဲ ချုံ့ပြီး ပြောချင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုရဲ့ ဒီအစီရင်ခံစာတင်မကပါဘူး၊ ကုလသမဂ္ဂက နောက်ဆုံးထုတ်သွားတဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးတဲ့ဧက လျော့ကျသွားတာ မှန်ပေမဲ့ကမ္ဘာပေါ်မှာ ဒုတိယ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံအဖြစ်
ရပ်တည်နေဆဲပဲဆိုပြီး သူတို့က ကောက်ချက်ချထားတာ ရှိပါတယ်။

“အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံ အများဆုံးထုတ်တာ မှန်တယ်။ ဒါပေမဲ့ အာဖဂန်နစ္စတန်ထုတ်တာ တန်ချိန် ၈,၀၀၀၊ ၉,၀၀၀ လောက် ထုတ်တဲ့အခါမှာ ဒုတိယလိုက်တဲ့ ကျနော်တို့မြန်မာနိုင်ငံအနေနဲ့ ၄၁၀ လောက်ပဲရှိပါတယ်။ ကွာခြားချက်က အရမ်း များပါတယ်။ ဒုတိယလိုက်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ပထမနဲ့ ဒုတိယက အဲဒီလောက် ကွာသွားတယ် ဆိုတာ ထည့် ထည့် မပြောဘူး။

“ကျနော်တို့ ယူအန်ကိုလည်း ပြောပါတယ်။ ကျနော်တို့ကို ဒုတိယလို့ပြောတာ အဲဒီလိုပြောဖို့မသင့်ဘူး။ ကျနော်တို့ Trend ကိုလည်း ကြည့်ပါ။ လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်အတွင်းမှာ ကျနော်တို့ ဘယ်လောက်အထိ လျှော့ချနိုင်လဲဆိုတာ Credit မပေးဘဲနဲ့၊ Credit ပေးတာ ပေးပါတယ်၊ သို့သော်လည်း ဒီစကားလုံးလေး သုံးလိုက်ရင် အာဖဂန်နစ္စတန်ပြီးရင် ကျနော်တို့ ကပဲ အများကြီးထုတ်နေသလိုမျိုး။ တကယ်တမ်းကြတော့ အာဖဂန်နစ္စတန်ထုတ်တာရဲ့ အစွန်းထွက်တောင် မရှိပါဘူး။”

နောက်တခုက စိတ်ကြွဆေးပြား မက်သ်အမ်ဖက်တမင်းတွေနဲ့ ပတ်သက်လို့ ဒေသတွင်းမှာ မြန်မာနိုင်ငံက အများဆုံး ထုတ်လုပ်ပြီးတော့ မြန်မာနိုင်ငံကနေပဲ စီးဆင်းလာတယ်ဆိုပြီးတော့ အကုန်လုံးက ပြောကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဌာန ရဲ့ တုံ့ပြန်ချက်ထဲမှာကျတော့ ကုန်ကြမ်းပစ္စည်းတွေ မတင်သွင်းဘူး၊ မြန်မာနိုင်ငံမှာလည်း မထွက်ဘူးပေါ့။ အဲဒီ စိတ်ကြွ ဆေးပြားထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို သတင်းရထားတာ ရှိပါသလဲ။

“နိုင်ငံတကာမှာလည်း ဒီ Chemicals တွေနဲ့ပတ်သက်ရင် တရားဝင် Manufacture ရှိသလို တရားဝင် ကုန်သွယ်မှုလည်း ရှိပါတယ်။ ဒါပေမယ့် ဒါ သူ့ကို Control Mechanism တွေလည်း အများကြီးရှိတယ်၊ Monitoring လုပ်တာတွေလည်း
အများကြီးရှိပါတယ်။ International Narcotic Control Board (INCB) ကနေ အကုန်လုံးကို Monitor လုပ်ထားပါတယ်။ အဲဒီကနေ တင်သွင်းရပါတယ်။"

“အခု ကျနော်တို့ဆီမှာ ထွက်နေတယ်ဆိုတဲ့ မက်သာဖက်တမင်းတွေ၊ စိတ်ကြွဆေးတွေ ဘာညာဆိုတာက နယ်စပ်တွေမှာ ထွက်နေတာဖြစ်ပြီးတော့ တရားမဝင် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီး Chemicals တွေက ဘယ်ကလာလဲ၊ အိမ်နီးနားချင်းနိုင်ငံတွေက လာပါတယ်။ ကဖင်း (Caffeine) ဆိုရင် ထိုင်းကနေ ဝင်ပါတယ်။ အဲဒါတွေက ဖြစ်နေတဲ့ပြဿနာ အမှန်အတိုင်းမို့ အဲဒီနိုင်ငံတွေနာမည်ကို ထုတ်ဖော်ပြောခြင်း ဖြစ်ပါတယ်။ ဒါကို သူတို့လည်း လက်ခံထား ပြီးသားပါ။ သူတို့ဘက်ကလည်း ဒါကို အတတ်နိုင်ဆုံး ထိန်းနေတယ်။"

“သူတု့ိဖမ်းတာဆိုရင် ကျနော်တို့ထက် အများကြီး များပါတယ်။ ကျနော်တို့ ဖမ်းတာ နည်းပါတယ်။ ကျနော်တို့က တတန် နှစ်တန်လောက် ဖမ်းရင် သူတို့က တန်ကို ရာနဲ့ချီပြီးတော့ တရုတ်ကလည်း ဖမ်းတယ်၊ ထိုင်းကလည်း ဖမ်းတယ်၊ အိန္ဒိယ လည်း ဖမ်းပါတယ်။ သို့သော်လည်း မဲခေါင်မြစ်တကြောင်းကြီးရှိတယ်။ ကျနော်တို့ရဲ့ နယ်စပ်တွေက သိပ်ရှည်လျားတယ်။ နောက် ကျနော်တို့နယ်စပ်တွေ ကျနော်တို့ မထိန်းနိုင်ဘူး၊ သူတို့ဘက်ကလည်း မထိန်းနိုင်ဘူး။ အဲဒီလို မထိန်းနိုင်တဲ့အတွက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မှောင်ခိုသမားတွေက အခွင့်ကောင်းယူပြီးတော့ နည်းမျိုးစုံနဲ့ မှောင်ခိုချ၊ မူးယစ်ဆေးဝါး ထုတ်တဲ့နေရာတွေကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။”

ဟိုတလောက ရန်ကုန်ဆိပ်ကမ်းမှာဖမ်းမိတဲ့ ဘိန်းဖြုူတွေနဲ့ပတ်သက်ပြီးတော့ တရုတ်ထောက်လှမ်းရေးက သတင်းပေးလို့ ပြန်ပြီး ခေါ်လိုက်ရတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ရော ဘာပြောချင်ပါသလဲ။

“မှန်ပါတယ်ခင်ဗျ၊ အဲဒါလည်း တရုတ်ထောက်လှမ်းရေးက မဟုတ်ပါဘူး၊ တရုတ်မူးယစ်အဖွဲ့ပါ။ ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတာပါ။ သူတို့ဆီက National Narcotic Control Commission (NNCC) ပါ။ အဲဒီကော်မရှင်နဲ့ ကျနော်တို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဖလှယ်မှု အမြဲလုပ်ပါတယ်။ ဒါလည်း သူတို့ဆီက ကြိုပြီးတော့ သတင်းတွေပေးပါတယ်။ ဒီလိုပဲ Shipment တခုထွက်ဖို့ အစီအစဉ်ရှိတယ်ဆိုပြီး သတင်းရလို့ ကျနော်တို့ဆီက ကြိုတင်ပြီး တောက်လျှောက် Operation တခု လုပ်ခဲ့ပါတယ်။ လုပ်လို့လည်း နောက်ဆုံး ဒီဟာကို ဖမ်းမိခြင်းဖြစ်ပါတယ်။"

“သို့သော်လည်း ကျနော့်အနေနဲ့ ဒီအချိန်မှာတော့ ဒါက Still Ongoing ပါ။ Ongoing Operation ဖြစ်တဲ့အတွက် တချို့ဟာတွေတော့ ကျနော် ပြောလို့မရပါဘူး။ တခြားနိုင်ငံက လူတွေ ပါနေတယ်။ အဲဒီလူတွေကို ဖမ်းဖို့ ဆီးဖို့အတွက် တခြားနိုင်ငံက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အဓိကကျတဲ့ နှစ်ယောက်သုံးယောက်လောက်က တိမ်းရှောင်နေဆဲဖြစ်လို့ ကျနော်တို့ အဲဒါကို စောင့်နေပါသေးတယ်။”

၁၉၉၉ ခုနှစ်က သတ်မှတ်ထားတဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဘိန်းလုံးဝပပျောက်ဖို့ ရည်ရွယ်ထားတယ်ဆိုတော့ အဲဒီရည်ရွယ်ချက်အတိုင်း ပြည့်မီအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါသလား။

“ကျနော်တို့ဘက်ကတော့ ယုံကြည်ပါတယ်။ ယုံကြည်တယ်ဆိုတာ ကျနော်တို့အနေနဲ့ကတော့ Positive ဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာ မနှစ်က ယူအန်နဲ့ပေါင်းပြီး တိုင်းတဲ့အခါ ဧက ၂၈,၀၀၀ လောက်ကျန်တယ်။ ဒါအရင်တုန်းက ၁၅၀,၀၀၀ လောက် စိုက်တဲ့နေရာကနေ သောင်းဂဏန်းအထိ ကျသွားတယ်။ အရင်တုန်းက ထုတ်လုပ်မှု ထောင်နဲ့ချီတဲ့နေရာကနေ အခု ၄၁၀ အထိ ကျသွားတယ်။ ဒါ ယူအန်ရဲ့ Report ပါ။"

“တကယ်တမ်း ဒါနဲ့ပတ်သက်လို့ Trend ကိုကြည့်မယ်ဆိုရင် ၁၅ နှစ်စီမံကိန်းမှာ Second Five Year Face မှာ ဒါ နောက်ဆုံးနှစ်ပါ။ ကျနော်တို့ နောက်ထပ် ၅ နှစ်လုပ်လို့ ရပါသေးတယ်။ နောက် ၅ နှစ်မှာ ဒီအရှိန်အဟုန်အတိုင်း၊ ဒီ Trend အတိုင်း သွားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဘိန်းစိုက်တာ လုံး၀ ချုပ်ငြိမ်းသွားမယ်လို့ ကျနော် ထင်ပါတယ်။ ဒါလည်း ကျနော်တို့ Trend ကိုကြည့်တာပေါ့။"

“အမှန်အတိုင်းပြောရရင် ကျနော်တို့ နိုင်ငံတကာ အကူအညီရတာ အတော်နည်းပါတယ်။ ကျနော်တို့ ဘေးနိုင်ငံနဲ့ ယှဉ်ကြည့်မယ်ဆိုရင်၊ ဥပမာ ထိုင်းဆိုရင် အနှစ် ၃၀ကြာပါတယ်။ နိုင်ငံတကာ အကူအညီဆိုတာ သူတို့ဆီမှာ ပုံခံနေတာ၊ အများကြီး ရပါတယ်။ ဒါတောင် အနှစ် ၃၀ ကြာပါတယ်။ ဒါပေမယ့် အနှစ် ၃၀ မှာ ဂရပ်ဖ်ကြည့်တဲ့အခါ ကျနော်တို့လောက် အားရစရာ မရှိပါဘူး။ ကျနော်တို့ဂရပ်ဖ်ကတော့ တကယ်ကို ထိုးကျသွားတာ မြင်ရပါတယ်။

“ဒီမှာ မနှစ်ကရယ်၊ ဒီနှစ်ရယ် မဆိုစလောက်ကလေး နည်းနည်းတက်တာကို နိုင်ငံတကာက စိုးရိမ်တယ်၊ ဘာညာဆိုပြီး ပြောနေကျအတိုင်း ပြောနေကြတာပါ။ ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ ၂၀၁၄ မှာ Zero မကျတောင်မှ Negligible Data လောက်အထိ ကျသွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG