သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းတိမ်းရှောင် ဒုက္ခသည် မြန်မာပြည်မှာ တိုးပွားနေ


မြန်မာပြည်တွင်း မြို့ပြတွေမှာရော၊ ကျေးလက်ဒေသတွေမှာပါ ပြည်သူအများဟာ
မိမိတို့အိုးအိမ်ကနေ အဓမ္မပြောင်းရွှေ့နေရသလို ထွက်ပြေးတိမ်းရှောင်နေရတာတွေ
ဆက်လက်ဖြစ်ပွားနေရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ
အခြေစိုက် Internal Displacement Monitoring Centre ခေါ် တိုင်းပြည်တွင်း အိုးအိမ်
စွန့်ပြီး နေထိုင်ရမှုတွေကို စောင့်ကြည့်လေ့လာတဲ့အဖွဲ့က မတ်လ ၅ ရက်နေ့စွဲနဲ့
စာမျက်နှာ ၂၃၁ မျက်နှာရှိတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာပြည်တွင်းက ပြည်သူတွေ အိုးအိမ်စွန့် ပြောင်းရွှေ့နေထိုင်ရတာ၊ ထွက်ပြေးရတာ
တို့ရဲ့ အဓိကအကြောင်းရင်းတွေကတော့ စစ်မက်ဖြစ်ပွားမှု၊ အာဏာပိုင်တွေရဲ့
လယ်ယာမြေ အဓမ္မသိမ်းယူခံရမှု၊ ဖွံ့ဖြိုးရေးစီမံကိန်း၊ တွင်းထွက်ပစ္စည်း တူးဖော်ရေး
လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်မှု၊ အဓမ္မခိုင်းစေမှု၊ စားနပ်ရိက္ခာရှားပါးမှုနဲ့ နာဂစ်မုန်တိုင်း
တို့ကြောင့်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် အောက်တိုဘာလအထိ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံ
တနိုင်ငံလုံးမှာ ယေဘုယျအားဖြင့် မိမိအိုးအိမ်ကနေ စွန့်ခွာရသူပေါင်း ၃,၀၀၀,၀၀၀
လောက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်၊ ရှမ်း၊
မွန်၊ ကယား စတဲ့ပြည်နယ်တွေမှာ မိမိအိုးအိမ်ကို စွန့်ပြေးရတဲ့အပြင် တောတောင်
တွေမှာ ခိုအောင်းနေရသူပေါင်းဟာ ၄၅၁,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

နာဂစ်မုန်တိုင်းကြောင့် မိမိတို့ရဲ့ အိုးအိမ်က ရွှေ့ပြောင်းနေထိုင်ရသူပေါင်း ၈၀၀,၀၀၀
လောက်ရှိပြီး ကရင်ပြည်နယ်မှာ စစ်အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ
အကြား တိုက်ပွဲတွေကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော် တောထဲက ယာယီတဲတွေမှာ
ခိုအောင်း အသက်ဆက်နေကြရတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာရဲ့ ထူးခြားချက်ကတော့ ၂၀၀၈ ခုနှစ်အတွင်း စစ်အစိုးရတပ်တွေနဲ့
တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကြားမှာ တိုက်ပွဲမရှိသလောက်ပဲလို့ ဆိုရမယ့်
ချင်းပြည်နယ်မှာဆိုရင် ၂၀၀၈ ခုနှစ်အတွင်း ပြည်သူတွေဟာ အစုအပြုံလိုက် မိမိတို့ရဲ့
အိုးအိမ်ကို စွန့်ခွာနေရတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG