သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် ပြန်လွတ်


ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဥပဒေအကျိုးဆောင်ပေးနေရင်း ဖမ်းဆီးခံရတဲ့ ရှေ့နေကြီး ၂ ဦး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ ရန်ကုန်မြို့က ဝါရင့် ရှေ့နေကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ဟာ ထောင်ဒဏ် (၄) လစီ အသီးသီး ပြစ်ဒဏ်ကျခံနေရာက ဒီကနေ့ ပြည့်မြောက်ခဲ့တဲ့ အတွက် သူတို့ကို ဖမ်းဆီးထားတဲ့ နယ်ထောင်တွေက ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ဒီအထဲက ရှေ့နေကြီး တဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီး ၂ ဦး ဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ ၂ ဦး ကို တရားရုံးကို မထေမဲ့မြင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လထဲတုန်းက ထောင်ဒဏ် (၄) လစီ အသီးသီး အပြစ်ပေးထားရာက ဒီနေ့မှာတော့ ထောင်ဒဏ် ရက်ပြည့်လို့ ပြန်လွှတ်ပေးလိုက်တာပါ။ အတိုက်အခံအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ဥပဒေ အကျိုးဆောင်တွေလည်း ဖြစ်ကြတဲ့ ဦးအောင်သိန်း က ဧရာဝတီတိုင်း ပုသိမ်ထောင်၊ ဦးခင်မောင်ရှိန် ကတော့ မြောင်းမြထောင်တွေကနေ လွတ်မြောက်လာခဲ့ကြတာပါ။ ထောင်ကလွတ်တဲ့နေ့၊ ရှင်လိင်ပြန်တဲ့ နေ့၊ မင်္ဂလာဆောင်တဲ့ နေ့တွေဟာ လူတယောက်အတွက် အပျော်ဆုံးနေ့တွေလို့ မြန်မာ့ဆိုရိုးစကား ရှိပေမဲ့ နဂိုကတည်းက ပြစ်ဒဏ်နဲ့ မထိုက်သူတွေဖြစ်တာမို့ အခုလို လွတ်လာပေမဲ့လည်း အထူးတလည် ဝမ်းမသာနိုင်ဘူး ဆိုပြီး ရှေ့နေကြီး ဦးအောင်သိန်း က ထောင်ကလွတ်လာတဲ့ နေ့မှာပဲ ပြောလိုက်ပါတယ်။

“လျှောက်လဲချက်ပေးတော့လည်း ထောင်ကျမယ်ဆိုတာ စိတ်ထဲမှာ သံသယ ရှိတော့ ကိုယ့်ဘာသာ ဆေးနဲ့ အင်္ကျီ အဝတ်အစားတွေ အကုန်လုံး အဆင်သင့်လုပ်ထားတာပေါ့နော်။ တရားစီရင်မှုက ငါနဲ့ပတ်သက်တဲ့ တရားစီရင်မှုဟာ very speedy ဖြစ်နေတယ်ဆိုရင် ငါ့ကို ထောင်ချဖို့အတွက် အစီအစဉ်တော့ ရှိနေပြီဆိုတာ တွက်ထားတာပေါ့နော်။ အဲဒီအတွက်လည်း ထောင်ကျသွားလို့လည်း ကျနော့်အတွက်လည်း ဘာမှ အထွေအထူး အံ့သြမှု မရှိပါဘူး။ အယ် - နောက်တခုက ထောင်ကထွက်လာတော့လည်း ကျနော့် ရက်ပြည့် လပြည့် နေ့ပြည့် ထွက်တဲ့သူတွေလိုလည်း ဘာမှ ဝမ်းသာစရာ အကြောင်းတရားမရှိပါဘူး။ ဒါ သမားရိုးကျ ပါ။ ဒီလိုပဲခံစားပါတယ်။”

နောက်တခုက တခြားထောင်တွေမှာ ဒီလိုပဲ ရောက်သွားတဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ဆက်စပ်ဖမ်းဆီးခံရတဲ့လူတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ကြားရတာတွေ ရှိပါ တယ်။ ထောင်တွင်းတွေမှာ ဖိနှိပ်မှုတွေ ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တွေ မကောင်းဘူး။ စသဖြင့် သတင်းတွေ ကြားတယ်ဆိုတော့ အန်ကယ့် အတွေ့အကြုံတွေကရော ထောင်ထဲမှာ ဘယ်လို ကြုံခဲ့ရလဲ ခင်ဗျ။ -

“ကျနော် ရောက်လာတဲ့ ပုသိမ်ထောင်မှာဆိုတော့ ဆရာဝန်မရှိဘူးပေါ့နော်။ မရှိတော့ တခါတလေကျရင် အပြင်က ဆရာဝန် တို့ ဆေးရုံက ဆရာဝန်တို့ကို ခေါ်ပြီးတော့ ဒီ တလတကြိမ်တို့၊ သုံးပတ် တကြိမ်တို့ ခေါ်ပြတာလေးတွေ တော့ ရှိပါတယ်။ ကျနော်တို့အတွက် လာလည်း ကြည့်တာပေါ့ဗျာ။ ဒါပေမယ့် ခက်တာက ကျနော်တို့ သာမန်ရောဂါမျိုးကျတော့ ဘာမီတွန်လေး ပေး၊ ပါရာစီတမော့လေး ပေးတဲ့ဟာမျိုးတွေက များနေတယ်ပေါ့ဗျာ။ တကယ့် ဆေး ဘာညာလည်း မရှိဘူး။ နောက်ပြီးတော့ ဆေးမှူးဆိုတာကလည်း ကျနော်တို့သိတော့ ဒီ ဆေးတပ်က ထောင်ကျတဲ့ အကျဉ်းသားတွေကို ပြန်ပြီးတော့ ဆေးမှူးအဖြစ် သူတို့ကနေ သွေးပေါင်ချိန်တယ်။ ဒီလောက်ပဲ လုပ်နိုင်တာကိုးဗျ။”

နောက်တခုကလည်း အန်ကယ်ကတော့ ပြန်လွတ်လာတယ်။ ဒါပေမယ့် အစောပိုင်း ဒီလိုပဲထောင်ကျခံလိုက်ရတဲ့ ရှေ့နေတွေလည်း အပါအဝင်ပေါ့နော်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ထောင်နဲ့ချီပြီးတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိနေသေးတယ် ဆိုတော့ ဒီအပေါ်မှာရော အန်ကယ် ခံစားချက် ဘယ်လိုရှိလဲခင်ဗျ။ -

“ကျနော် စိတ်မကောင်းဖြစ်တာကတော့ လိုက်လက်စ၊ လုပ်လက်စအမှုတွေပေါ့ဗျာ။ အထူးသဖြင့် အင်းစိန်ထောင် ဗဟိုမှာ ၂၀၀၇ ခုနှစ် သြဂုတ်လ ကျောင်းသားတွေ ဒီ မင်းကိုနိုင် တို့ လမ်းလျှောက်ဆန္ဒပြတာက အစ၊ နောက် စက်တင်ဘာမှာ သံဃာတွေ မေတ္တာပို့တဲ့အမှုတွေ ကျနော် လိုက်ပါဆောင်ရွက်ပေးရတာ အကုန်လုံး တိုးလို့တန်းလန်းတွေ ဖြစ်သွားပြီးတော့ သူတို့ ဒုက္ခတွေရောက် ထောင်တွေကျသွားတယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော် ကျသွားပြီးတော့ တခြား ရှေ့နေတွေ မလိုက်ဘူးလား ဆိုတော့ တခြား ရှေ့နေတွေ၊ ကျနော်နဲ့ပြောတဲ့ ရှေ့နေတွေ၊ ဆက်လိုက်ပေးမယ်ဆိုတဲ့ ရှေ့နေတွေ အကြောင်းအမျိုးမျိုးကြောင့် အဟန့်အတားတွေခံပြီး တရားခွင်မှာ သူတို့ တက်ရောက်ခွင့် မရတော့ဘဲနဲ့ သူတို့က ထောင်ထဲမှာဝင်ပြီးတော့ တရားရုံးကို ဝင်ခွင့်တောင်မရဘူး။ တားဆီးခံရတယ်ဆိုတာ ကျနော် သိတယ်။ ဒါ ကိုကျော်ဟိုး တို့၊ ကိုမောင်မောင်လတ် တို့ဆိုတာ အဲဒီလိုတွေ ဖြစ်လာတယ်ဗျ။ အဲတော့ ကျနော်လည်း ဘယ်လို နားလည်ရမှန်း မသိဘူးပေါ့နော်။ ကျနော်တို့ ရှေ့နေတွေအပေါ်မှာထားတဲ့ သဘောထားကို။”

နောက်တခုက အန်ကယ် ပြန်လွတ်လာပြီဆိုတော့ ဒီဥပဒေရေးရာ အလုပ်တွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို လိုက်လက်စတွေလည်း ရှိတယ်ဆိုတော့ ဆက်လိုက်ဖို့ရော ရှိလားခင်ဗျ။ -

“ကျနော် ဆောင်ရွက်မှာပါ။ ကျနော့်မှာ ဒီဟာ ဆောင်ရွက်ပေးရမယ့် အတိုင်းအတာ တာဝန် ရှိတယ်လို့ ကျနော် ခံယူထားပါတယ်။ ကျနော် ဆုံးခန်းတိုင်အောင် ကျနော် လုပ်ပေးရမယ်။ ကျနော် တိုးလို့တန်းလန်း ဖြစ်သွားကတည်းကတော့ ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ မဟုတ်ဘူးပေါ့ဗျာ။ ကျနော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ထောင်ထဲ ထည့်ထားတဲ့အချိန်မှာ ကျနော် ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် စိတ်ထဲကတော့ ကျနော် အမှုလိုက်နေဆဲပါပဲ။”

ဒီကနေ့ပဲ ဧရာဝတီတိုင်း ပုသိမ်ထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ပါ။ အလားတူ စွပ်စွဲချက်နဲ့ပဲ ထောင်ဒဏ် (၆) လ အပြစ်ပေးခံခဲ့ရတဲ့ လူငယ်ရှေ့နေတဦးဖြစ်တဲ့ ကိုညီညီထွေး ကတော့ အခုအချိန်အထိ ရန်ကုန် အင်းစိန် အကျဉ်းထောင်ထဲမှာ ပြစ်ဒဏ်တွေကို ဆက်လက် ကျခံနေရဆဲလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG