သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခြိမ်းခြောက်လို့ တောင်ကိုရီးယားလေကြောင်း လမ်းကြောင်းလွှဲ


မြောက်ကိုရီးယား လေပိုင်နက်ထဲဝင်ရောက်လာတဲ့ လေယာဉ်တွေအတွက် အာမ မခံနိုင်ဘူးလို့ မြောက်ကိုရီးယား က ကြာသပတေးနေ့မှာ ပြောကြားလိုက်တဲ့အတွက် လေကြောင်းလိုင်းတွေအနေနဲ့ လမ်းကြောင်းပြောင်း ပျံသန်းကြဖို့ တောင်ကိုရီးယားနိုင်ငံက တိုက်တွန်းထားပါတယ်။ ဒေသစံတော်ချိန် စနေနေ့ ညသန်းခေါင်အချိန်က စပြီး မြောက်ကိုရီးယား နိုင်ငံနားဖြတ်ပြီး လေယာဉ်တွေ မပျံသန်းကြဖို့ တောင်ကိုရီးယား အရပ်ဘက် လေကြောင်း လုံခြုံရေးအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Korea Air နဲ့ Asianan လေကြောင်းလိုင်းတို့ကတော့ သူတို့ရဲ့ သမားရိုးကျ ပျံသန်းနေကျ လမ်းကြောင်းကနေ လွှဲပြောင်း ပျံသန်း နေကြပြီ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ မကြာခင်မှာ စစ်ရေး ပူးတွဲလေ့ကျင့်မှု လုပ်ဖို့ ရှိတာကြောင့် အရပ်ဘက် လေယာဉ်တွေရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်ဘူးလို့ မြောက်ကိုရီးယားက ပြောကြားလိုက်တာပါ။ တနင်္လာနေ့ မှာ စတင်မယ့် အဲဒီ စစ်ရေး လေ့ကျင့်မှုက စစ်ဖြစ်တဲ့အထိ ဖန်တီးနိုင်တယ်လို့ မြောက်ကိုရီးယားက ပြောပါ တယ်။

မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံကို ဝင်ရောက် ကျူးကျော်ဖို့ အမေရိကန်က ပြင်ဆင်နေတာလို့ မြောက်ကိုရီးယား အစိုးရ ထုတ် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကြမယ့် ထောင် သောင်းချီတဲ့ စစ်သားတွေ ဟာ ခုခံ ကာကွယ်ရေးအတွက်ပဲ လေ့ကျင့်ကြမှာဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါ တယ်။ မြောက်ကိုရီးယားက အခုလို အရပ်ဘက် လေကြောင်းလိုင်းတွေကို ခြိမ်းချောက်တာဟာ တရားမျှတမှု မရှိတဲ့အပြင် လူသားမဆန်တဲ့ ခြိမ်းချောက်မှု ဖြစ်တယ်လို့ တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးက ပြောဆိုလိုက်ပြီး အမေရိကန်ကလည်း အကျိုးမရှိတဲ့ ပြောဆို ခြိမ်းချောက်မှုဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG