သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အမျိုးသမီးရေး လှုပ်ရှားသူများ ပိုမိုများပြားလာ


ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ အကာအကွယ်မဲ့နေဆဲဖြစ်ပြီး အခြေအနေတွေဟာ တိုးတက်မှုမရှိသေးဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် WLB မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့် တိုးတက်မှုတွေ မရှိသေးတာလဲဆိုတာကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာကြတာ၊ ပြီးတော့ - လူသားတယောက်ရထိုက်တဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုလာတာတွေဟာ အရင်ကထက်စာရင် ပိုများလာတဲ့အတွက် ဒါဟာ တိုးတက်တဲ့လက္ခဏာတရပ်လို့ ဆိုနိုင်ပေမဲ့ ဒီအမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေနဲ့ တိုင်းရင်းသား ဒေသတွေက အမျိုးသမီးတွေရဲ့ အခြေအနေတွေကတော့ ဆိုးရွားနေဆဲဖြစ်လို့ တနိုင်ငံလုံးအတိုင်းအတာအရ တိုးတက်မှု မရှိသေးဘူးလို့ WLB မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မလွေးအေးနန်း ပြောပါတယ်။

"ကိုယ့်နိုင်ငံရဲ့ အခြေအနေကို ကြည့်ရင် နိုင်ငံရေးထဲမှာ ပါနေတဲ့ အမျိုးသမီးအနေအထားက အစိုးရက လုပ်ပေးလို့ မဟုတ်ဘဲ အမျိုးသမီးတွေက သူ့တို့ ဆန္ဒအရ နိုင်ငံရေးထဲမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတယ်။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာဆိုရင်လည်း အမျိုးသမီးတွေ လမ်းမပေါ် ရဲရဲရင့်ရင့် ထွက်လာပြီး ဦးဆောင်နိုင်တဲ့ သူတွေ ရှိလာတယ်။ အဲဒီ လှုပ်ရှားနေတဲ့သူတွေကို ဒီနေ့အချိန်မှာ စစ်အစိုးရကနေ ဆက်လက်ပါဝင်နိုင်မှုမရှိအောင် အစီအစဉ်ထား၊ ဖိနှိပ် တားဆီး တာမျိုးတွေ ရှိတယ်။ ဖမ်းဆီးတာ ရှိတယ်။ ချုပ်နှောင်တယ်၊ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်တယ်။ မနီလာသိန်းတို့ဆိုရင် တောက်လျှောက် တက်တက်ကြွကြွ ပါဝင်လာတဲ့ အမျိုးသမီးခေါင်းဆောင် တဦးဖြစ်တာပေါ့။ ယေဘုယျပြောမယ်ဆိုရင် အမျိုးသမီးတွေရဲ့ အခြေအနေတွေက တိုးတက်မှုမရှိဘူး။"

ဒါ့အပြင် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ တိုင်းရင်းသူတွေကို စစ်လက်နက်သဖွယ် အသုံးချ နေတာမျိုးတွေ ရှိနေဆဲဖြစ်ပြီး ဒီအမျိုးသမီးတွေအားလုံးရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ကာကွယ်မယ့်သူ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

"မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသူတွေ အထူးသဖြင့် မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်မှာ စစ်ဖြစ်တယ်ဆိုရင် ကရင်အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးချခံရပြီးတော့၊ အတင်းအဓမ္မ ပြုကျင့်ခံနေရတယ်။ နိုင်ငံရေးထဲမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ နယ်စပ်ဒေသမှာရှိတဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ် အားလုံးဟာ အကာအကွယ်မဲ့နေတုန်း ပဲဖြစ်ပါတယ်။ အဓိက တရားခံဖြစ်တဲ့ စစ်အစိုးရ ရှိနေတဲ့အတွက်ကြောင့် အမျိုးသမီးတွေ ဒီထက်ပိုပြီး ခံနေကြရဦးမှာ ဖြစ်ပါတယ်။"

WLB အထွေထွေအတွင်းရေးမှူး မလွေးအေးနန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကနေ နိုင်ငံတကာမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဘယ်ပုံဘယ်နည်း ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံရေးခေါင်းဆောင်၊ ဘယ်အစိုးရကမှ သီးမခံသင့်ဘူး၊ အပြောင်းအလဲတွေ ပြုလုပ်ဖို့ အချိန်တန်နေပြီလို့ သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်တို့က ပူးပေါင်းပြီး ချီတက်လမ်းလျှောက်ပွဲတခုကိုလည်း အခုအချိန်မှာ ပြုလုပ်နေကြသလို အိန္ဒိယ နဲ့ တရုတ်ပြည်မှာရှိတဲ့ မြန်မာအမျိုးသမီးအဖွဲ့အစည်းတွေကလည်း နိုင်ငံတကာ အမျိုးသမီးများ နေ့ အခမ်းအနားတွေကို ကျင်းပနေကြပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG