သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ဒုက္ခသည်များ မဟာမင်းကြီး မြန်မာနိုင်ငံ ရောက်ရှိ


လှေစီးပြေး ရိုဟင်ဂျာအရေးကိစ္စ အပါအဝင် လူသားချင်း စာနာထောက်ထားမှုနဲ့ ပေးအပ်ကူညီနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မြန်မာနိုင်ငံကို ရောက်နေပါတယ်။ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် သတင်းတွေ ထွက်ပေါ် နေချိန် ဒေသတွင်း နိုင်ငံတွေကို လှည့်လည်သွားလာပြီး သက်ဆိုင်ရာအစိုးရတွေနဲ့ ဆွေးနွေးပြောဆိုနေတဲ့ မဟာမင်းကြီး အန်တိုနီယိုဂူတာရပ်စ် (Antonio Guterres) ရဲ့ လတ်တလော မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ ခရီးစဉ် ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ အကူအညီ အထောက်အပံ့တွေ ပေးအပ်နေတဲ့ ကိစ္စတွေ၊ နောက် ပင်လယ်ပြင်မှာ လှေစီးပြီး ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာတွေကို မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြဖို့ပါ။

မြန်မာနိုင်ငံမသွားခင် ထိုင်းနိုင်ငံမှာ သတင်းထောက်တွေနဲ့ တွေ့တုန်းကဆိုရင်လည်း သူ့ခရီးစဉ်အတွင်း တနေရာကနေ တနေရာ ပြောင်းရွှေ့သွားလာ နေထိုင်နေတာ တွေကို အားမပေးတဲ့ အခြေအနေမျိုးတွေ ဖြစ်မလာအောင်လို့ သာယာတဲ့ ဘ၀ အခြေအနေတွေ ရရှိလာအောင် လူသားချင်း စာနာကူညီနိုင်မယ့် အခြေအနေတွေကို ချဲ့ထွင်သွားလိုတယ် ဆိုပြီးတော့လည်း ဆိုထားတာပါ။

မဟာမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ် အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့
လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုရုံးက ပြန်ကြားရေးအရာရှိ မစ္စ အက်စထရစ် ဆားလ် (Ms. Astrid Sehl) ပြောပြတာကတော့ …

“မဟာမင်းကြီးက ဒီကနေ့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ပါတယ်။ လတ်တလောမှာတော့ ဒီထက် ထူးထူးခြားခြား ပြောနိုင်တာမျိုးတော့ မရှိသေးပါဘူး”

စနေနေ့ကပဲ မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်နေတဲ့ မဟာမင်းကြီးရဲ့ ခရီးစဉ်အတွင်းမှာတော့ ဒီလို အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေအပြင် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ပိုင်းမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး (UNHCR) ရဲ့ လုပ်ငန်းတွေကို သွားရောက်ကြည့်ရှုဖို့ အစီအစဉ်တွေလည်းရှိတယ်လို့ ကုလသမဂ္ဂရုံး တာဝန်ရှိသူ အမျိုးသမီးက ပြောပါတယ်။

အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးပေမဲ့ အခုခရီးစဉ်အတွင်း သတင်းတွေ ဟိုးလေးတကျော်ဖြစ်နေပြီး ဒေသတွင်းကိုပါ ရိုက်ခတ်နေတဲ့ ရိုဟင်ဂျာ အရေးကိစ္စလည်း ပါဝင်ဆွေးနွေးစရာ ရှိပါတယ်။ မဟာမင်းကြီးက သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် မသွားခင်မှာတုန်းကလည်းပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယိုမြာ (Kasit Piromya) နဲ့ တွေ့ဆုံပြီးတော့ ရိုဟင်ဂျာပြဿနာကို ဆွေးနွေးခဲ့တာပါ။

မကြာသေးခင် လတွေကစလို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေ ပင်လယ်ကို လှေနဲ့ဖြတ်ပြီး ထွက်ပြေးလာ တဲ့ ရိုဟင်ဂျာတွေ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေကို ရောက်လာလို့ ဒီကိစ္စကို ဒေသတွင်း ပြဿနာတခုအဖြစ်
ကိုင်တွယ်ဖြေရှင်းဖို့ မကြာသေးခင်ကပဲ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ထိပ်သီး ဆွေးနွေးပွဲ မှာပါ ထည့်သွင်းပြောဆိုခဲ့ကြရတာပါ။

အဲဒီတုန်းကတော့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီအထဲက တချို့ဟာ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ထဲမှာ နေကြတဲ့ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ကြတယ်၊ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် ပြန်လက်ခံမယ်ဆိုပြီး ပြောခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် ဘယ်သူက ရိုဟင်ဂျာဖြစ်တယ်၊ ဘယ်သူက ဘင်္ဂါလီလူမျိုးဖြစ်တယ် ဆိုတာကို ခွဲခြားရာမှာ အထောက်အကူဖြစ်စေမယ့် လက်စွဲစာအုပ်တအုပ်ကို မကြာခင် ထုတ်ေ၀ သွားမယ် ဆိုပြီးတော့လည်း ပြောဆိုခဲ့သလို ဒီလို ခွဲခြားသတ်မှတ်နိုင်ဖို့အတွက်ကိုလည်း UNHCRက ထိုင်းအစိုးရကို အကူအညီပေးသွားဖို့ နိုင်ငံခြားရေးဝန်ကြီးက တောင်းခံထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG