သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေးကြောင့် နိုင်ငံခြားရောက် မြန်မာလုပ်သားများ ပြည်တော်ပြန်


မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလို၊ ရေလုပ်ငန်းလို နေရာမျိုးတွေအတွက် အလုပ်အကိုင် နေရာတွေ ရှိပါတယ်လို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောထားခဲ့တဲ့အတိုင်း နိုင်ငံရပ်ခြားကနေ အလုပ်အကိုင် အဆင်မပြေလို့ ပြန်လာကြသူတွေကို အလုပ်ရှာပေးမယ်ဆိုပြီး ရန်ကုန်လေဆိပ်မှာ စာရင်းကောက်နေပါတယ်။ တကယ်ရော စာရင်းပေးသူတွေအတွက် အစိုးရက သင့်တော်တဲ့အလုပ်နေရာ ချထားပေးနေပါပြီလား၊ အကြောင်းစုံကို ဆက်သွယ်မေးမြန်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်ပမှာ အလုပ်အကိုင် အခက်အခဲကြောင့် ပြန်လာသူတွေကို သူတို့နဲ့ သင့်လျော်တဲ့ အလုပ်နေရာ ချထားနိုင်ဖို့အတွက် ရန်ကုန်လေဆိပ်မှာ စာရင်းကောက်ခံနေတာ ပြီးခဲ့တဲ့အပတ်ထိ လူ ၁၀,၀၀၀ နီးပါး ပြန်လာကြပြီလို့ အာဏာပိုင်တွေရဲ့ စာရင်းဇယားတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့လထဲ မလေးရှားကပြန်လာတဲ့ အလုပ်သမားတယောက်က အာဏာပိုင်ဘက်က လေဆိပ်မှာမေးမြန်းမှုနဲ့ ပြည်တွင်းမှာလည်း အလုပ်အကိုင် လျှော့ချနေတယ်ဆိုတာကို အခုလိုပြောပြပါတယ်။

“ညီမက အရင်ဆုံး ထိပ်ကနေထွက်လာတယ်ဆိုတော့ မမေးလိုက်ဘူးပေါ့နော်။ နောက်ကလူတွေကိုကြတော့ မင်းတို့ ဘယ်သူတွေလဲ၊ ညီမတို့စက်ရုံကပေါ့နော်၊ စက်ရုံက ပြန်လာတဲ့လူ ဘယ်သူတွေလဲ၊ ဘယ်သူတွေလဲ မေးတယ်တဲ့။ စာနဲ့ နာမည်တွေ လိုက်ယူတယ်ပြောတယ်။ ဒါပေမယ့် အဲဒီအချိန် ညီမက အပြင်ရောက်နေပြီ၊ ပြန်လာပြီ။ ဘာဖြစ်လို့ဆို ညီမက စိတ်ကိုမဝင်စားတာ။ ကိုယ့်ဟာကိုယ်လုပ်မှ ဖြစ်မယ်ဆိုတာသိလို့ ကိုယ့်ဟာကိုယ်လုပ်နေတဲ့ အခါကြတော့ အဲဒါတွေ မစုံစမ်းမိဘူး။ သူတို့ ရန်ကုန်မှာတော့ အခုအချိန်က အကုန်လုံးလျှော့နေတာ ဒီမှာလည်းလေ၊ ကုမ္ပဏီတွေက အနည်းအကျဉ်းတွေ လျှော့လျှော့နေတာဆိုတော့ ဒီမှာလည်း မသိသေးဘူးအစ်ကိုရ”

ပြန်လာတဲ့သူအများစုဟာ ကိုယ်ပိုင်အလုပ်ကို လုပ်ချင်ကြတယ်လို့လည်း သူမက အခုလိုပြောပါသေးတယ်။

“သူတို့တွေတော့ အလုပ်လျှောက်နေကြတာပဲ။ ဒါပေမယ့် ကိုယ်ပိုင်အလုပ်လုပ်တဲ့သူတွေက များတယ်အစ်ကိုရ၊ သူတို့က ရန်ကုန်မှာပဲ လုပ်ကြတာလေ၊ ညီမတို့က နယ်ဘက်ဆိုတော့၊ ညီမက ဒီမှာ ကိုယ်ပိုင်ဆိုင်လေး ဖွင့်မှာဆိုတော့လေ။”

မလေးရှားက ပြန်လာသူတယောက်ရဲ့ မိခင်ကလည်း ပြည်တွင်းမှာ လစာနည်းလို့ သူတို့ သားသမီးကို လစာများများရတဲ့ နိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ခုလို ပြောပြပါတယ်။

“မကြိုးစားဘူး၊ ဒီမှာလည်း မလုပ်ဘူး။ လစာနည်းတော့ ဘာလုပ်ဖို့လဲ၊ ပြန်ထွက်ဖို့ပဲ စဉ်းစားနေတယ်၊ ပြန်ထွက်ဖို့ပေါ့၊ ဒီ့ပြင်နေရာ တိုးတက်ရာ တိုးတက်ကြောင်း”

အလုပ်ရဖို့ အာဏာပိုင်တွေနဲ့ မဆက်သွယ်ဘဲ ကားမောင်းနေတဲ့ မလေးရှားကပြန်လာသူ တယောက်ကလည်း သူ့ရဲ့အခြေအနေကို အခုလိုပြောပြပါသေးတယ်။

“ကျနော်ကတော့ အဲဒီနဲ့ မဆက်သွယ်ဘူး။ ကျနော့်အိမ်မှာ ကားရှိတယ်၊ ကျနော် ဒီမှာ ကျနော့်ဦးလေးတွေနဲ့ပဲ ကားမောင်း နေတယ်။ ဒီလိုပဲပေါ့၊ ကျောင်းကားဆွဲနေတယ်လို့ ဆိုရမှာပေါ့”

အာဏာပိုင်တွေဘက်က ပြည်ပကပြန်လာမယ့် ရွှေ့ပြောင်းအလုပ်သမား ၂,၀၀၀,၀၀၀နီးပါးအတွက် လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေမှာ ပြန်လည်နေရာချထားဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအဖို့ ဝင်ငွေနည်းပါးတဲ့ ပြည်တွင်းအလုပ်အကိုင်ကို စိတ်ဝင်စားကြမှာ မဟုတ်ဘူးလို့ နယ်စပ်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုမိုးဆွေက ပြောပါတယ်။

“တခြားနိုင်ငံတွေမှာ အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေ ဗမာပြည်ပြန်လာတဲ့အခါမှာ သူတို့ပြောတဲ့ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းတွေမှာ နေရာပြန်ချထားပေးမယ်ဆိုရင် ဘာဖြစ်လို့ အရင်တုန်းက သူတို့ထွက်သွားကြသလဲ။ ဒီအလုပ်သမားတွေ က အရင်ကတည်းကိုက ဗမာပြည်ထဲမှာလည်း အလုပ်တော့ရှိတယ်၊ ဒါပေမယ့် ရတဲ့လစာငွေနဲ့ သူတို့စားသောက်တဲ့ ကုန်ဈေးနှုန်းတွေနဲ့ မကိုက်ဘူး၊ လူနေမှုဘ၀ မဖူလုံတဲ့အတွက် ထွက်သွားကြတာဖြစ်တယ်။

“အနိမ့်ဆုံးအဆင့်က ဒီထိုင်းနိုင်ငံမှာ အလုပ်လုပ်တယ်ဆိုရင် အလုပ်သမားတယောက်က အနိမ့်ဆုံး ဘတ်ငွေ ၃,၀၀၀ ဆိုရင် ကျပ် ၁၀၀,၀၀၀ အထက်မှာ အမြဲတမ်းရကြတာ ဖြစ်တယ်။ ဒီလုပ်အားခတွေကိုရော ဗမာအစိုးရက အဲဒီ လုပ်အားခအဆင့် လောက်ရအောင် ပေးနိုင်မလား ဆိုတာကတော့ ကျနော်တို့ တော်တော်သံသယရှိပါတယ်”

မြန်မာတွေ ပြည်ပထွက် အလုပ်လုပ်ကြရာမှာ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေမှာ အများဆုံးဖြစ်ပြီးတော့ အဲဒီနိုင်ငံ တွေမှာ တရားဝင်ရော၊ တရားမဝင်ပါရှိနေတဲ့ အရေအတွက်ကတော့ ထိုင်းမှာ ၂,၀၀၀,၀၀၀ ကျော်၊ မလေးရှားမှာ ၅၀၀,၀၀၀ ခန့်၊ စင်ကာပူမှာ ၁၀၀,၀၀၀ လောက်ရှိမယ်လို့ အလုပ်သမားအရေး လုပ်နေသူတွေက ခန့်မှန်းကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG