သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သင်္ဘော နိုင်ငံတကာဥပဒေ ချိုးဖောက်ဟု တရုတ်စွပ်စွဲ


တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ အမေရိကန်ရေတပ်သင်္ဘောဟာ တရုတ်နဲ့ နိုင်ငံတကာရေပိုင်နက် ဥပဒေကို ချိုးဖောက်တယ်လို့ တရုတ်ဘက်က တုံ့ပြန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒီ အဖြစ် အပျက်နဲ့ ပတ်သက်ပြီး၊ နောက်ဘယ်လိုကိုင်တွယ်မလဲဆိုတာတွေ အချို့ကို တရုတ်ပြောခွင့်ရသူက ရှင်းလင်း ပြောဆို သွားပါတယ်။ ဘေဂျင်းကနေ ဗွီအိုအေသတင်းထောက် စတက်ဖနီဟိုး (Stephanie Ho) သတင်းရေးသားပေးပို့တာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တနင်္ဂနွေနေ့ကဖြစ်သွားတဲ့ နှစ်ဖက် ရေကြောင်းဆိုင်ရာ ထိပ်တိုက်ဖြစ်မှုအပေါ် တရုတ်ရော အမေရိကန်ပြည်ထောင်စုကပါ အပြန်အလှန် တဘက်နဲ့တဘက် ကန့်ကွက် အပြစ်တင်ခဲ့ကြပါတယ်။ အမေရိကန်ရေတပ်ရဲ့ သုတေသန သင်္ဘောတစင်းကို တရုတ်သင်္ဘော ၅ စင်းက နှောင့်ယှက်ဟန့်တားခဲ့တယ်လို့ အမေရိကန် ပင်တဂွန်ကာကွယ်ရေးဌာနချုပ်က ပြောခဲ့ပါတယ်။

ဘေဂျင်းမှာ အင်္ဂါနေ့လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာဂျောက်ဇူး (Ma Zhaoxu) က တရုတ်အပေါ် အပြစ်တင်ထားတဲ့ အမေရိကန်ဘက်က ပြောနေသလို မဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။

“အမေရိကန်ဘက်က ပြောဆိုနေတာတွေဟာ တကယ့်အဖြစ်အပျက်အမှန် မဟုတ်ဘဲ အဖြူအမည်း ရောထွေးနေတာဖြစ်တယ်။ ဒီကိစ္စအပေါ်မှာ တရုတ်ဘက်ကတော့ လုံး၀ လက်ခံနိုင်စရာမရှိဘူး” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာဂျောက်ဇူး က တရုတ်စကားနဲ့ ပြောသွားပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေသတွေနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကိုပါ ချိုးဖောက်တာဖြစ်တယ်လို့ တရုတ်ပြောခွင့်ရသူက ဆိုပါတယ်။

တရုတ်နဲ့ဆိုင်တယ်ဆိုတဲ့ တောင်တရုတ်ပင်လယ်ပြင်က သီးခြားစီးပွားရေးဇုန်မှာ တရုတ် ခွင့်ပြုချက်မယူဘဲ အင်မ်ပက်ကေးဘဲလ် (Impeccable) အမေရိကန်သင်္ဘောအနေနဲ့ အမေရိကန်အစိုးရကို ကိုယ်စားပြုပြီး သူချည်းသက်သက် သုတေသနပြု လုပ်ကိုင်ဆောင်ရွက်နေတဲ့အပေါ် တရုတ်အစိုးရဘက်က ကန့်ကွက်ထားတယ်လို့
သူကပြောပါတယ်။

“လာမယ့်အနာဂတ်မှာ အလားတူအဖြစ်အပျက်မျိုးတွေ ထပ်ပြီး မကြုံလာစေရေး ထိထိရောက်ရောက် ကာကွယ်ဆောင်ရွက် ဖို့ အမေရိကန်အနေနဲ့ သူ့ရဲ့ အခုလို ကျူးကျော်တဲ့ လုပ်ရပ်မျိုးတွေ ချက်ချင်းရပ်တန့်ရမယ်” လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မာဂျောက်ဇူးက ပြောပါတယ်။

ဘယ်လိုဥပဒေမျိုးတွေကို ချိုးဖောက်တာလဲဆိုတာ သတင်းထောက်တွေရဲ့ မေးမြန်းချက်နဲ့ အဖြစ်အပျက် အသေးစိတ်ကို ဖြေဆိုရှင်းလင်းတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ အခု အဖြစ်အပျက်ဟာ နိုင်ငံတကာ ရေပိုင်နက်အတွင်းမှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ပင်တဂွန်ဘက်က ပြောဆိုချက်အပေါ်မှာတော့ တရုတ်အာဏာပိုင်တွေက တိုက်ရိုက်ငြင်းဆိုထားတာ မရှိပါဘူး။

အင်မ်ပက်ကေးဘဲလ် အမေရိကန်ရေတပ်သင်္ဘောဟာ တောင်တရုတ်ပင်လယ်က ဟိုင်နန်ကျွန်းနဲ့ ၁၂၀ ကီလိုမီတာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အဏ္ဏဝါရေကြောင်းဆိုင်ရာ စူးစမ်းလေ့လာမှုတွေ ပုံမှန်ပြုလုပ်နေတာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီအချိန်မှာပဲ တရုတ်သင်္ဘော ၅ စင်းဟာ အမေရိကန်သင်္ဘောကို ဝန်းရံပြီး အန္တရာယ်ရှိတဲ့ အနီးအနားအထိ ကပ်လာခဲ့ တယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ ဒီ သီးခြားစီးပွားရေးဇုန်ထဲမှာလုပ်တဲ့ လုပ်ငန်းမျိုးတွေ အတွက် ပတ်ဝန်းကျင်ကမ်းရိုးတန်းနိုင်ငံတွေရဲ့ ခွင့်ပြုချက် မလိုအပ်ဘူးလို့ အမေရိကန်အစိုးရက မနေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။ ရေကြောင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် အမေရိကန်- တရုတ် ဆွေးနွေးပွဲမျိုးတွေ ရှိထားပြီး ဒီကိစ္စ အတွက် လည်း အမေရိကန်ဘက်က တရုတ်နဲ့ ပြောဆိုဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်-တရုတ် စစ်ဖက်ဆိုင်ရာ ဆွေးနွေးမှုတွေ ပြန်စခဲ့တဲ့ ရက်သီတင်းပတ် မကြာခင်အတွင်းမှာပဲ အခုလို နှစ်ဘက် တင်းမာမှု ဖြစ်ခဲ့တာပါ။ ဒီစစ်ဖက်ဆွေးနွေးမှုတွေဟာ အမေရိကန်ဘက်က ထိုင်ဝမ်ကို လက်နက်ရောင်းခဲ့တဲ့နောက် ရပ်ဆိုင်း ခဲ့ရဖူးပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့ လာမယ့် ဧပြီလ လန်ဒန်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေချိန်အတွင်း အခုလို တင်းမာမှု ဖြစ်သွားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG