သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲအကြို အစုအဖွဲ့အားလုံး ပါဝင်နိုင်ဖို့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ရေး ကုလကိုယ်စားလှယ် တောင်းဆို


မြန်မာစစ်အစိုးရက စီစဉ်ထားတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းတွေ့ရှိချက်တွေကို ရှင်းလင်းပြောဆို သွားရာမှာ သူက အခုလို ပြောသွားတာပါ။ ဒီကနေ့လုပ်တဲ့ လူ့အခွင့်အရေးကောင်စီမှာ မစ္စတာ ကင်တားနား က မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေထဲက ဘယ်အချက်တွေကို အဓိကထား ထောက်ပြခဲ့သလဲဆိုတာကို ကိုသားညွှန့်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေတိုးတက်လာစေဖို့ အထူးသဖြင့်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ အချက်လေးချက်ကို အလေးပေးပြီးတော့ ဆောင်ရွက်သွားဖို့ မစ္စတာ ကင်တားနား က မြန်မာအစိုးရအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ ဒါတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စမ်းစစ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ် ပေးဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို လူ့အခွင့်အရေးသင်တန်းပေးဖို့နဲ့ တရားစီရင်ရေးမှာ လွတ်လပ်ခွင့် ရှိစေဖို့ပါ။ ဒီအပေါ်မှာ မြန်မာအာဏာပိုင်တွေဘက်ကလည်း သူ့ကို အပြုသဘော တုံ့ပြန်ခဲ့ကြတယ်လို့ မစ္စတာ ကင်တားနား က လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အဲဒီ အကြံပေးချက် လေးချက်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ပြည်တွင်းမှာထုတ်ပြန်ထားတဲ့ ဥပဒေလမ်းညွှန်ချက် အခုပေါင်း ၃၈၀ ကို ဖွဲ့စည်းပုံပါ လူ့အခွင့်အရေး ပြဌာန်းချက်နဲ့ ကိုက်ညီမှုရှိ-မရှိ စိစစ်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီ ပို့ထားတယ်လို့ ရှေ့နေချုပ်က ပြောပါတယ်။ နိုင်ငံရေးအရ ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးက စဉ်းစားသွားပါမယ်လို့ တုံ့ပြန်သွားပါတယ်။ ရဲချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တရားရေးတာဝန်ရှိသူတွေနဲ့တွေ့တော့ လည်း ရဲနဲ့ လက်နက်ကိုင်တပ်တွေကို လူ့အခွင့်အရေးသင်တန်းပေးဖို့ကိစ္စမှာ အတော်လေး အပြုသဘော တုံ့ပြန်ကြပါတယ်။ နောက်ဆုံးအချက်ကိစ္စ တရားသူကြီးနဲ့ပြောတော့ မြန်မာနိုင်ငံထဲမှာ တရားစီရင်ရေးမှာ တရားသူကြီးတွေ၊ ရှေ့နေတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ကိစ္စကို သဘောတူခဲ့ပါတယ်။"

ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို အထူး အလေးပေး ပြောသွားတာ တွေ့ရပါတယ်။ နိုင်ငံရေးအရ ထိန်းသိမ်းထားသူတွေကို ရှေ့နေရှေ့ရပ်မရှိဘဲ ထောင်ထဲမှာပဲ အပြစ်ဒဏ်ပေးတာတွေ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်တာတွေ၊ နယ်ဝေးအကျဉ်းထောင်တွေကို ပို့ပစ်တာတွေနဲ့ တရားစီရင်ရေး အားနည်းချက်တွေကို ဖော်ပြထားပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု ဖြစ်စေဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးဟာ အတော်လေးကို အရေးပါ တယ် လို့ မစ္စတာ ကင်တားနား က ပြောပြပါတယ်။

"နိုင်ငံရေးလမ်းညွှန်မြေပုံ (၇) ချက်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပါယ်ပြည့်ဝစေဖို့ ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံး ကို ပါဝင်ခွင့်ပြုဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲအတွင်း အားလုံး ပါဝင်မဲပေးခွင့်ရဖို့၊ ဝင်ရောက်အရွေးခံနိုင်ကြဖို့၊ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုပါတယ်။"

မစ္စတာ ကင်တားနား အနေနဲ့ နိုင်ငံရေးကိစ္စတွေအပြင် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ကနေ အရပ်သားတွေကို အကြမ်းဖက် တယ်ဆိုတဲ့ကိစ္စ၊ တချို့ဒေသတွေမှာ အစားအစာ ငတ်မွတ်မှု ပြဿနာ ကြုံတွေ့နေရတဲ့ကိစ္စ၊ ဆိုင်ကလုန်း မုန်တိုင်းဘေးဒဏ် ခံနေရတဲ့ ဧရာဝတီတိုင်း အခြေအနေတွေကိုလည်း သတင်းတွေကို သူ့အနေနဲ့ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်း ဒေသတွင်းမှာ ဂယက်ထနေတဲ့ လှေစီးပြေး ရိုဟင်ဂျာတွေ အရေးကိစ္စနဲ့ပတ်သက်လို့လည်း အခုလို ပြောသွားပါတယ်။

"ဒီလူတွေကို မြန်မာအစိုးရက မြန်မာလူမျိုးစုတခုအနေနဲ့ အသိအမှတ် မပြုတာဟာ ခွဲခြားဆက်ဆံခံရမှုတခုပါပဲ။ သူတို့ဟာ နိုင်ငံသားတွေ မဟုတ်ကြတဲ့အပြင် ကျန်းမာရေး၊ လူမှုရေး၊ အစိုးရရဲ့ ကူညီစောင့်ရှောက်မှုတွေ မရကြပါဘူး။ သူတို့တွေ အနေနဲ့ မြန်မာနိုင်ငံတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်မရကြပါဘူး။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ အတည်ပြုရေးမှာ တော့ သူတို့ကို ယာယီမှတ်ပုံတင်တွေ ထုတ်ပေးပြီး မဲထည့်ခွင့် ပေးခဲ့ပါတယ်။"

မစ္စတာ ကင်တားနား ဟာ မြန်မာနိုင်ငံတွင်း လူသားရပ်တည်မှုဆိုင်ရာ အကျပ်အတည်းကိစ္စတွေကိုလည်း လူ့အခွင့်အရေး အကြောင်းအရပ်တခုအနေနဲ့ ကိုင်တွယ်စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် လိုအပ်နေတဲ့ အကူအညီတွေကို နိုင်ငံတကာ အနေနဲ့ ထောက်ပံ့သွားဖို့ကိုလည်း သူက တိုက်တွန်း တောင်းဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG