သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူမရှိဘူးလို့ မြန်မာသံအမတ်ကြီး ထုချေ


စစ်တပ်အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော် လွှတ်ပေးပါလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးက စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အရင်လက မြန်မာနိုင်ငံကို သွားရောက်လေ့လာပြီးတဲ့နောက် ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်း အဝေး ပွဲသို့ အင်္ဂါနေ့က တင်သွင်းလိုက်တဲ့ အစီရင်ခံစာထဲမှာ ကုလသမဂ္ဂ စုံစမ်းရေးမှူး တိုမက်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အဲဒီလို တိုက်တွန်းလိုက်တာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးဝဏ္ဏမောင်လွင် ကတော့ မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် ထောင်ကျခံရသူ မရှိဘဲ ဥပဒေချိုးဖောက်လို့ ထောင်သွင်းအကျဉ်းကျခံနေကြရသူတွေသာ ဖြစ်ကြတယ်လို့ ဆိုပြီး မစ္စတာ ကင်တားနား ရဲ့ စွဲချက်များကို ချေပသွားပါတယ်။

အင်္ဂါနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ရဲ့ အဖွဲ့ဝင် ၅ ယောက် အဖမ်းခံရ တယ်လို့ ကြေညာပါတယ်။ ဘာကြောင့် အဖမ်းခံရတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၁၉ နှစ်အတွင်း ၁၃ နှစ်လောက် နေအိမ်အကျယ်ချုပ် ချခံနေရတာပါ။

အရင်လထဲမှာ စစ်အစိုးရက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆,၃၁၃ ယောက် လွှတ်ပေးတဲ့အထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၂၉ ယောက် ပါဝင်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူးက ကြိုဆိုပေမဲ့လို့ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူးလို့လည်း ဝေဖန်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG