သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးက အစိုးရသိမ်း လယ်တချို့ ILO ကြောင့်ပြန်ရ


မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးကို ဒေသခံတွေက တိုင်းကြားချက်တွေ အပေါ် အိုင်အယ်လ်အို က စုံစမ်းစစ်ဆေးပြီး မြန်မာ စစ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ့် ကာလကို ဒီလ စောစောပိုင်းကပဲ နောက်ထပ် ၁၂လ သက်တမ်း တိုးခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်အရ တိုင်ကြားသူတွေကို အာဏာပိုင်တွေရဲ့ နှောက်ယှက်ဟန့်တားတွေ တုံ့ပြန် အရေးယူတာတွေ မရှိအောင် အကာအကွယ် ပေးထားပါတယ်။ ဒါဟာ တကယ့် လက်တွေ့မှာ ထိရောက်မှုရှိပါသလား။ မကွေးးက တိုင်ကြားသူတွေကို ကိုယ်စားပြုခဲ့တဲ့ ရှေ့နေ ဦးဖိုးဖြူကတော့ ထောင်ဒဏ် ၄နှစ် ချမှတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မကွေးတိုင်း အောင်လံမြို့နယ်က လယ်သမားတွေရဲ့ လယ်မြေ အဓမ္မ အသိမ်းခံခဲ့ရတဲ့ ကိစ္စမှာတော့ အိုင်အယ်လ်အိုရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် လယ်သမားတွေ သူတို့ရဲ့ လယ်မြေတွေ ပြန်ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ က အိုင်အယ်အို အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ လယ်သမားတဦးကို မေးမြန်းထားရာမှာ သူက

“ရွာကြီး ၁၀ရွာက တောင်သူလယ်သမားတွေ အိုင်အယ်လ်အို တိုင်ကြားတဲ့အတွက် ၁၁ရက်နေ့မှာ အိုင်အယ်လ်အို အရာရှိ 'စတိ မာရှယ်'တို့ အောင်လံမြို့ကို ဆင်းလာပါတယ်။ နေပြည်တော်က စစ်ဆေးရေး ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး ယုလွင်အောင် ပါတယ်။ အောင်လံမြို့နယ် 'မယက' မှာ ၁၁ရက်နေ့ မနက် ၉နာရီမှာ ဌာန အစုံကို စစ်ပါတယ်။ 'မယက' ကိုလည်း စစ်တယ်။ မြေစာရင်းကိုလည်း စစ်တယ်။ ရေဆင်းကိုလည်း စစ်တယ်၊ ကြံဌာနကိုလည်း စစ်တယ်။ သစ်တောကိုလည်း စစ်တယ်။ နေ့လယ် ၂နာရီခွဲလောက်မှာ သံရွာအုပ်စု ဆန်းကလေး ကျောင်းစုရွာကို 'စတိ မာရှယ်' တို့ ၊ ဒုဗိုလ်မှူးကြီး ယုလွင်အောင်တို့ ရောက်လာပါ တယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေကို စစ်ဆေး မေးမြန်းပါတယ်။ ကျွန်တော်တို့ လယ်ယာတွေကို အဓမ္မ ကြံ စိုက်ခိုင်းတယ်။ ကျွန်တော်တို့က ငြင်းဆန်တဲ့အတွက် အဓမ္မ အသိမ်းခံရတယ်။ ဗိုလ်မှူးကြီး ယုလွင်အောင်က ဒီ လယ်ယာမြေတွေဟာ နိုင်ငံတော် ပိုင်ဖြစ်တယ်လို့ လယ်သမားတွေကို ရှင်းပြတော့ စတိ မာရှယ် က မြေယာဥပဒေအရ နိုင်ငံတော်ပိုင် လယ်ယာမြေဆိုတာကို သဘောပေါက်ပေမဲ့ တောင်သူလယ်သမားတွေရဲ့ ဘိုးဘွားပိုင်း လယ်ယာမြေဟာ သူတို့အတွက် အသက် ရှင် ရပ်တည်နိုင်ရေးအတွက်၊ စားဝတ်နေရေးအတွက် စိုက်ပျိုးခွင့်ရှိတယ် မဟုတ်လားလို့ ဒုဗိုလ်မှူးကြီး ယုလွင်အောင်ကို မေးတော့ ရှိပါတယ်လို့ ပြောပါတယ်။ လယ်ယာမြေတွေကို ပြန်လုပ်စားပါလို့ နှုတ်မိန့် ပေးခဲ့ပါတယ်။ တောင်သူလယ်သမားတွေကလည်း ပြန်လုပ်စားဖို့ တရားဝင် တောင်းဆိုခဲ့ပါတယ်။”

အောင်လံမြေစာရင်းဌာနကလည်း လာဘ်ငွေ စားတဲ့အကြောင်း လယ်ဧကတိုးချဲ့တာကို မြေစာရင်းမှာ ပါချင်ရင် ကျပ်ငွေ ၁၀၀၀၀၀ ပေးမှ ရတဲ့ အကြောင်းတွေကိုလည်း တိုင်ကြားခဲ့ကြပါတယ်။ ဒီ့နောက် အိုင်အယ်အို အရာရှိတွေနဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ လယ်တွေ ဖျက်သိမ်းခံရတဲ့ တည်ပင်အုပ်စု၊ ညောင်ဝိုင်းအုပ်စု ရွာကြီး ၉ရွာက ဝါ စိုက်တောင်သူတွေက အဓ္ဓမ လုပ်အားပေးခိုင်းမှုနဲ့ ဝါပင်တွေကို ဖျက်ဆီးခံရတဲ့ အတွက် တိုင်းကြားခဲ့တဲ့ လယ်သမားတွေဆီကို လည်းသွားခဲ့ပါတယ်။

လယ်သမားတွေ တိုင်ကြားခဲ့တဲ့ အမှုကိုတော့ ၁၂ရက်နေ့မှာ စစ်ဆေးခဲ့ပုံကိုလည်း ဆက် ပြောပြပါတယ်။

“စားဝတ်နေရေးအတွက် စိုက်ပျိုးထားတဲ့ ဝါပင်တွေကို ဖျက်ဆီးတာကို တိုင်တန်းပါတယ်။ အဲဒီနေ့မှာ အမှု မပြီးပြတ်သွား ပါဘူး။ အဓမ္မ ခိုင်းစေမှု မြောက်တဲ့အတွက် ဒါကို ဆက်ပြီး စစ်ဆေးပါမယ်။ အောင်လံ လဝက ရုံးမှာ ၉နာရီ ချိန်းပါတယ်။ တောင်သူလယ်သမားတွေကို စစ်ပါတယ်။ ကျူးလွန်သူ ဗိုလ်မှူးတွေကို အရေးယူပေးပါလို့ တောင်သူလယ်သမားတွေက လည်း တောင်းဆိုပါတယ်။”|

ဒီ စစ်ဆေးမေးမြန်းပွဲကိုတော့ လယ်သမား ၄၀၀ကျော် တက်ရောက်ခဲ့ပါတယ်။ လယ်သမားတွေရဲ့ လယ်တွေကို ရုံးဆိတ် သကြားစက်က သိမ်းခဲ့တာကတော့ ၂၀၀ရခုနှစ်က ဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ အိုင်အယ်လ်အိုကို တိုင်ကြားခဲ့ပြီး အခု၂၀၀၉မှာ လယ်တွေ ပြန်လုပ်စားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ လယ်တွေ သိမ်းခဲ့တဲ့ ဗိုလ်မှုးတွေကတော့ စစ်ဆေးမေးမြန်းခံရပေမဲ့ အရေးယူရတာမျို းမတွေ့ရဘူးလို့ လယ်သမားတွေက ဆိုပါတယ်။ လယ်သမားတွေဟာ လယ်တွေ သိမ်းခံရတဲ့အတွက် တခြားလယ်တွေမှာ အငှားတွေ လုပ်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ အခုအခါမှာတော့ လယ်တွေ ပြန်လုပ်စားခွင့်ရပြီ ဖြစ်တာကြောင့် လယ်တွေကို ပြန်လည် ပြုပြင်ဖို့ လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG