သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေးလုပ်ငန်း မမျှတ၊ ရွာသားတွေ ဆန္ဒပြ


ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းက နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရွာသားတချို့ဟာ ဒေသခံအာဏာပိုင်တွေနဲ့ နာဂစ် မြန်မာ ကြက်ခြေနီအဖွဲ့တွေက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို မမှန်မကန် ဆောင်ရွက်တယ်ဆိုပြီး တွံတေးမြို့ပေါ် တက် ဆန္ဒပြနေကြပါတယ်။ နောက်ဆုံးသတင်းရယူချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးယူ ဆောင်ရွက်ပေးတာ မရှိလို့ အစာငတ်ခံ ဆန္ဒပြနေတာလို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။ ဒီသတင်းကို ထိုင်း အခြေစိုက် သတင်းထောက် ကိုမိုးဇော်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အခု ဆန္ဒပြသူတွေဟာ တွံတေးမြို့နယ် ဇီးဖြူကုန်း ကျေးရွာက ရွာသူရွာသားတွေ ဖြစ်ပါတယ်။ ဆန္ဒပြနေတဲ့အကြောင်းကို ကိုယ်တိုင် တွေ့မြင်ရတဲ့ တွံတေးမြို့ခံတယောက်က အခုလို ပြောပြပါတယ်။

“ကျေးရွာသူ ကျေးရွာသား အယောက်၂၀ ခန့်ပါ။ သူတို့ကို ပထမအကြိမ်မှာ အာဏာပိုင်တွေက လာပြီး လူစုခွဲ ခိုင်းတယ်။ ဒါကို သူတို့က လူစုမခွဲပေးဘူး။ စစ်တပ်ကို ခေါ်မယ် ဘာညာပြောတော့ သူတို့က အဲဒီဝင်းထဲကနေ ထွက်လာပြီးတော့ ရုံးရဲ့ရှေ့မှာ နေပူထဲမှာထိုင်ပြီးတော့ အစာငတ်ခံဆန္ဒပြပြီးတော့ သူတို့ရဲ့အရေးကို ဖြေရှင်း ပေးနိုင်မယ့်သူကို ခေါ်ခိုင်းနေတယ်ခင်ဗျ။ လေဘေးသင့် ပြန်လည်ထူထောင်ရေးရုံးပေါ့ခင်ဗျာ။ ပြောမယ်ဆို ကြက်ခြေနီရုံးပေါ့ ခင်ဗျာ။ အဲဒီ ကြက်ခြေနီရုံးကပဲ လေဘေးသင့် ပြန်လည်ထူထောင်ရေးသမားတွေကို ဆောင်ရွက်ပေးတာကိုး။”

ဇီးဖြူကုန်း ရွာသူရွာသား ၂၂ ယောက်ဟာ ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်က စတင် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကို တွံတေးမြို့ခံက အခုလို ဆက်ပြောပါတယ်။

“သူတို့က ဘာတောင်းဆိုသလဲဆိုတော့ ကျေးရွာကော်မတီအဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့တွေက မမှန်မကန် ဆောင်ရွက်တဲ့အတွက်ကြောင့် နစ်နာတဲ့အတွက်ကြောင့် သူတို့ကို... တကယ်နစ်နာတဲ့သူတွေကို အိုးအိမ် ပြန်လည် တည်ဆောက်ပေးဖို့ အတွက် တောင်းဆိုတာခင်ဗျ။ ဘာတွေ မမှန်မကန်လုပ်လဲဆို သူတို့က နာဂစ် မုန်တိုင်းသင့် ပြည်သူလူထုတွေကို အဲန်ဂျီအိုအဖွဲ့တွေက ဘယ်လို လုပ်ပေးလဲဆို လေးသိန်းတန် အိမ်တွေကို ဆောက်ပေးတယ် ခင်ဗျာ။ အဲဒီ လေးသိန်းတန်အိမ်တွေကို ဆောက်ပေးတဲ့နေရာမှာ တကယ်ခံစားရတဲ့သူတွေကို ဆောက်ပေးရမှာ ခင်ဗျ။ အဲဒါကို ကျေးရွာကော်မတီအဖွဲ့တွေနဲ့ ကြက်ခြေနီတွေက စည်းဝါးရိုက်ပြီးတော့ သူတို့ ရဲ့ ကျေးရွာမှာရှိတဲ့ ဆွေမျိုးသားချင်းတွေကိုပဲ ပေးလိုက်တယ်။ တကယ်ခံစားရတဲ့သူတွေကို မပေးလိုက်တဲ့ အတွက်ကြောင့် တကယ်ခံစားရတဲ့ နစ်နာတဲ့သူတွေက အခု ချီတက်ပြီးတော့ သူတို့ကို တကယ် လုပ်ဆောင်ပေး ဖို့ တောင်းဆိုတယ်။ အဲဒါကို ကြက်ခြေနီအဖွဲ့က မလိုက်လျောဘဲနဲ့ လူစုခွဲတဲ့အတွက်ကြောင့် ဒါကို မကျေနပ်တဲ့ အတွက်ကြောင့် ရုံးရှေ့မှာ ပေတရာလမ်းပေါ်မှာ တန်းစီထိုင်နေပြီးတော့ အစာငတ်ခံဆန္ဒပြမယ်ဆိုပြီးတော့ တောင်းဆိုနေကြပါတယ်။”

အခြား တွံတေးမြို့ခံတယောက်ကတော့ အခုလို အိမ်တွေဆောက်ပေးရာမှာ ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးအသင်း၊ အမျိုးသမီး ရေးရာ၊ မီးသတ်အဖွဲ့၊ စွမ်းအားရှင် အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့နီးစပ်ရာ ဆွေမျိုးတွေကို ဦးစားပေး တည်ဆောက်ပေးနေတယ်လို့ ပြောပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းက ဆန္ဒပြသူတွေနံဘေးမှာ ရဲနဲ့ထောက်လှမ်းရေး ၂၀ ကျော်လောက် ဝိုင်းရံစောင့်ကြည့်နေပြီး လူစုမခွဲ ရင် စစ်တပ်ကိုခေါ်ပြီး နှိမ်နင်းမယ်လို့ ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။ တွံတေးမြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်းမခံရအောင် အနီးအနားကနေ ဝန်းရံပေးထားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲကိုဦးဆောင်တဲ့ ဒေါ်တရုတ်မ က - ညနေ ၃ နာရီလောက်မှာ ကြက်ခြေနီဝန်ထမ်းတယောက်က ကြိမ်းမောင်းပြီး ထပ်မံလူစုခွဲခိုင်းတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေလာပြီး မဖြေရှင်းပေးဘူးဆိုရင် ညနေ ၅ နာရီအထိ ဆက်ပြီး ဆန္ဒပြသွားမယ် လို့ ပြောပါတယ်။

တချို့ ဆန္ဒပြသူတွေကတော့ သူတို့ တောင်းဆိုချက်တွေကို မရမချင်း ရက်အကန့်အသတ်မရှိ ဆက်ပြီး ဆန္ဒပြသွားဖို့ ရည်ရွယ်ထားကြပါတယ်။ ဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ချုပ်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဒေသခံအာဏာပိုင်တွေက ကယ်ဆယ်ရေး ပစ္စည်းတွေ ကူညီထောက်ပံ့ရာမှာ မညီမမျှ ခွဲဝေတာနဲ့ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ မကျေမနပ် ဝေဖန်သံ တွေဟာ ဒေသခံပြည်သူတွေဆီကနေ မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG