သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာ့မိခင် သခင်မကြီး ဒေါ်ကြည်ဦး ကွယ်လွန်


အကျဉ်းချခံနေရတဲ့ နိုင်ငံကျော်လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ ရဲ့ မိခင် သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦး ဟာ ဒီကနေ့ ညနေမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ စာရေးဆရာမကြီး ယုဝတီ ကြည်ဦးရဲ့ နာရေးနဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

မြစ်ကြီးနားထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ ရဲ့ မိခင်လည်းဖြစ်၊ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ရဲဝံ့ထင်ရှားတဲ့ သခင်မကြီးတဦးလည်းဖြစ်တဲ့ ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီ ကြည်ဦး ဟာ ဒီကနေ့ ည ၈ နာရီကျော်က ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ည ၈ နာရီ ၁၅ မိနစ်မှာ ဆုံးသွားပါတယ်။ ဒီနေ့ည ပေါ့။ သည်းခြေပြွန်ကင်ဆာ နဲ့ ဆုံးသွားပါတယ် ခင်ဗျာ။ အဲဒါ ကျနော်တို့ လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းကပေါ့။ အစာ မစားဘူး၊ အစာ မစားဘူးဆိုပြီးတော့ ဖြစ်တယ်ပေါ့နော်။ အဲဒီကနေ စသွားတာပါ။ ကျနော်တို့ အခုလောလောဆယ်တော့ ဘာမှမလုပ်ရသေးဘူး ခင်ဗျ။ အခုမှ ဆုံးတာဆိုတော့ ပြင်တုန်းပဲ ရှိပါ သေးတယ်။”

လွန်ခဲ့တဲ့ သုံးလကျော်လောက်ကတည်းက မနာမကျန်း ဖြစ်နေခဲ့ပြီးတော့ ပြီးခဲ့တဲ့လက ဗဟိုစည်ဆေးရုံမှာ တင်ခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ဆေးရုံကနေ အိမ်ကိုပြန်ခေါ်လာပြီး ဒီကနေ့ညမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

စာရေးဆရာမကြီး ကြည်ဦး ဟာ ပြီးခဲ့တဲ့နှစ် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲ အချိန်တုန်းက လူထုအနေနဲ့ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေတွေအပေါ် သုံးသပ်ရင်း အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ဖို့ ဗွီအိုအေကို ပြောခဲ့တဲ့အသံ အပိုင်းအစလေးတခုကိုလည်း အမှတ်တရ ထုတ်လွှင့်ပေးချင်ပါတယ်။

“သူတို့ရဲ့ အားပေးထောက်ခံမှု၊ မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု၊ လူထုရဲ့ အသိဉာဏ် ရှိဖို့ လူထုရဲ့ စဉ်းစားတွေးခေါ်မှုဟာ အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့် အရေးကြီးလဲဆိုတော့ ကျမတို့က တနေ့တရက် အတွေ့အကြုံလည်း မဟုတ်ဘူး။ တလနှစ်လ အတွေ့အကြုံလည်း မဟုတ်ဘူး။ အတွေ့အကြုံတွေ များလှပါပြီ။”

ဒါကတော့ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦး ဖြစ်ပါတယ်။ အသက် ၈၄ နှစ်အရွယ် ဆရာမကြီး ကြည်ဦး ဟာ သားဖြစ်တဲ့ ကိုဇာဂနာ ရဲ့ နိုင်ငံရေး လူမှုရေး တက်ကြွမှုတွေကြောင့် မကြာခဏ ဖမ်းဆီးခံဘဝကို ဂုဏ်ယူစွာ ရင်ဆိုင်ခဲ့တဲ့ မိခင်တဦး ဖြစ်သလို နောက်ဆုံးအချိန်အထိ သားဖြစ်တဲ့ ကိုဇာဂနာ ကို တွေ့ခွင့်ရပေမဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG