သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုးဆေးကိစ္စ ကြေညာပြီးနောက် လက်ဖက်ဈေးကွက် ယိမ်းယိုင်


လက်ဖက်တံဆိပ်ပေါင်း ၄၃ မျိုးမှာ ဆိုးဆေးတွေပါတဲ့အတွက် ဈေးကွက်ထဲကနေ ပြန်သိမ်းဖို့ အာဏာပိုင်တွေက ညွှန်ကြား ထားတဲ့အတွက် လက်ဖက်ဈေးကွက်တခုလုံး အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။ ဒီအတွက် လက်ဖက်စိုက် တောင်သူတွေကနေ ကုန်သည်ပွဲစား လက်လီရောင်းသူပါမကျန် စီးပွားရေးအရ ထိခိုက်နစ်နာနေရတယ်လို့ လက်ဖက်စိုက် သူ၊ လက်ဖက်ရောင်းသူတွေက ပြောကြပါတယ်။ ကိုကျော်ကျော်သိန်း က လက်ဖက်ဈေးကွက်အခြေအနေကို တင်ပြထားပါ တယ်။

Auramine O အဝါရောင်ဆိုးဆေးပါတဲ့ လက်ဖက်တွေကို ဈေးကွက်ထဲကနေ ပြန်သိမ်းဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပြီး တဲ့နောက် လက်ဖက်တွေကို ပြန်သိမ်း၊ မြေမြှုုပ်တာ မြှုပ်၊ မီးရှို့တာ ရှို့လုပ်ခဲ့ကြတဲ့အပြင် နဂိုဝယ်ထားပြီးသား သိုလှောင်ထား တာတွေကိုလည်း ထုတ်ရောင်းလို့မရ ဖြစ်နေကြပါတယ်။

ရန်ကုန်မြို့က လက်ဖက်အရောင်းဆိုင်နဲ့ ပွဲရုံ ဆယ်ခုထက်မနည်းကို ဗွီအိုအေကနေ ဆက်သွယ်မေးမြန်းခဲ့ရာမှာ အများစုက အရောင်းအဝယ်တွေ ရပ်ထားတဲ့အကြောင်း၊ ဈေးကွက်ထဲမှာ ရှိနေတာတွေကို ပြန်သိမ်းယူနေတဲ့အကြောင်း ပြောကြပါ တယ်။ လက်ဖက်အရောင်းအဝယ် လုပ်ငန်းမှာ အတော်လေးအဓိကျတဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာရှိတဲ့ ညောင်ပင်လေး ပလာဇာ ဆိုင်ရှင်တဦးကတော့ လက်ဖက်အရောင်းအဝယ် အဆမတန် ကျသွားတယ်လို့ ပြောပါတယ်။

“လက်ဖက်အရောင်းအဝယ်တွေ ကျတာပေါ့။ ခေါက်ချိုးမက ကျတာပေါ့။ နယ်တော်တော်များများက မစားရဲကြတော့ဘူး ပေါ့။ အခု ဒီ ညောင်ပင်လေးဈေးထဲမှာဆို ဝင်ပေါက်တည့်တည့်မှာ ဒီဟာတွေ ဟိုဟာတွေ ပါတယ် ဆိုတဲ့အကြောင်းတွေကို စာလုံးကြီးကြီးတွေနဲ့ ရေးပြီးတော့ အားလုံးကို ရှေ့မှာ ဘုတ်ထောင်ထားသလိုမျိုး လုပ်ထားတာ။”

ဆိုးဆေးပါတဲ့အကြောင်း အာဏာပိုင်တွေ ကြေညာတဲ့အချိန်ဟာ ရွှေဖီချိန်လို့ဆိုကြတဲ့ လက်ဖက် ခူးဆွတ်ရတော့မယ့်အချိန် ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ အမိန့်ကြေညာချက် ထွက်လာပြီးတဲ့နောက် ဈေးကွက်ထဲရှိပြီးသားတွေ ပြန်သိမ်းယူရ တဲ့အပြင် အရင်က ဝယ်ထားပြီးသား လှောင်ထားတဲ့ လက်ဖက်တွေလည်း မထွက်တော့တာကြောင့် နောက်ထပ် အသစ် ဝယ်ယူတာမျိုး မရှိသလောက် နည်းပါးနေပါတယ်။ လက်ဖက်စိုက်တောင်သူတွေအဖို့ ဒီနှစ်ကတော့ စီးပွားရေး အဆိုးရွား ဆုံး ကျတဲ့နှစ် ဖြစ်လိမ့်မယ်လို့ လက်ဖက် အဓိက စိုက်ပျိုးတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆမ်မြို့က လက်ဖက်စိုက် တောင်သူ တဦးက ပြောပါတယ်။

“ပြောရမယ်ဆိုလို့ရှိရင်တော့ တကယ်ကို ဝမ်းနည်းစရာပဲပေါ့။ ကျမတို့ ပလောင်မှာ အထူးသဖြင့် နမ့်ဆမ်မြို့နယ်က ပလောင်တွေ က လက်ဖက်တမျိုးကိုပဲ လုပ်ကြတာပေါ့နော်။ လယ်တွေ ဘာတွေလည်း မလုပ်ကြဘူး။ ဒါပေမယ့် ဒီနှစ်လို ပုံစံ မျိုးဆိုရင်တော့ စီးပွားရေးကလည်း ကျပ်တည်းတယ်။ လုပ်စရာဆိုလို့ ဒီလက်ဖက်ပဲ ရှိတယ်။ ဖြစ်ချင်တော့ လက်ဖက် မပေါ် ခင် ခဏလေးအတွင်းမှာပဲ အဲဒီလိုမျိုး ကြေညာလိုက်တဲ့အချိန်မှာ တော်တော်လေးတော့ ထိသွားတယ်။ ခုနကပြောသလိုမျိုး လက်ဖက်ဝယ်တဲ့သူလည်း မရှိတော့ဘူး။ ပြီးလို့ရှိရင်တော့ ဒီ လက်ဖက်ကို ခူးပေးလိုက်လို့ရှိရင်တော့ ရောင်းရမလား။ မရောင်းရဘူးလား ဆိုတဲ့ဟာတွေက စိတ်ထဲမှာ အရမ်းကြီးကို စိုးရိမ်နေတာပေါ့နော်။ ကျမတို့တတွေ တကယ်လို့သာ ဒီ လက်ဖက်ကို မရောင်းရဘူးဆိုရင် ဘာသွားစားမလဲပေါ့။ အရင်တုန်းကဆိုရင် လက်ဖက်ရောင်းမှ ဆန်တွေဆီတွေ မန္တလေး ကနေ ဝယ်လာကြတာကိုး၊ ဆိုတော့ တော်တော်လေးကို စိုးရိမ်စရာ ဖြစ်တယ်လို့ ကျမ ထင်တယ်။ တော်တော်လေးလည်း ထိခိုက်တယ်လို့ ကျမ မြင်မိတယ်။”

လက်ဖက်ခူးဆွတ်တဲ့အချိန်မှာ မြန်မာနိုင်ငံ အထက်အညာဒေသ မိုးခေါင်ရေရှား ရပ်ဝန်းဒေသက လူတွေကို လက်ဖက်ခူး အလုပ်သမားတွေအဖြစ် နှစ်စဉ် သွားရောက်ပြီး ငှားရမ်းကြပါတယ်။ ဒီနှစ်မှာတော့ စိုက်ခင်းပိုင်ရှင်တွေ ကိုယ်တိုင်ကိုက အခြေအနေမကောင်းတဲ့အတွက် အလုပ်သမား များများစားစား ငှားရမ်းနိုင်မယ့် အလားအလာ မရှိတာကြောင့် အဲဒီ လူတွေ လည်း အဆင်မပြေ ဖြစ်ကြလိမ့်မယ်လို့ နမ့်ဆန်အခြေစိုက် လက်ဖက်စိုက်တောင်သူကပဲ ပြောပြပါတယ်။

လက်ဖက်ကို ဘယ်သူက ဆေးဆိုးတာလဲ ဆိုတာနဲ့ပတ်သက်ပြီး တောင်သူတွေကိုရော၊ ကုန်သည်တွေကိုပါ မေးမြန်းကြည့်ခဲ့ ပေမဲ့ အားလုံးက သူတို့ထည့်တာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ တချို့ကုန်သည်က တောင်သူတွေဆိုးတာလို့ ပြောတာ ရှိ သလို တောင်သူတွေဘက်ကလည်း သူတို့ရောင်းလိုက်တဲ့အချိန်မှာ သဘာဝအတိုင်း ရောင်းလိုက်တာဖြစ်ပြီး သူတို့ဆီက လာ ဝယ်သွားတဲ့ ပွဲစားတွေလက်ထဲရောက်မှ ဆေးဆိုးတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

ဘယ်သူက ဆေးဆိုးသည်ပဲဖြစ်စေ ဆိုးဆေးက စလိုက်ပြီးတော့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အမိန့်ထုတ်၊ ဈေးကွက်ထဲကနေ ပြန်သိမ်း၊ ဖျက်ဆီး၊ ထပ်မဝယ်နိုင်၊ ဈေးကွက်ပျက် ဆိုတဲ့ အခြေအနေကနေ ဘယ်အချိန်မှာမှ ပြန် တည်ငြိမ်လာမယ်ဆိုတာကိုတော့ ဘယ်သူကမှ ရေရေရာရာ မခန့်မှန်းနိုင်သေးကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG