သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ပြောဆိုခဲ့တဲ့ အီဒီယံ အသုံးအနှုန်းများ


အခုတပတ် တင်ပြထားတဲ့ အီဒီယံအသုံးအနူန်းများကတော့ buck stop with me, foot the bill, holding the bag တို့ ဖြစ်ပါတယ်။

အေအိုင်ဂျီ (AIG - American International Group) အာမခံကုမ္ပဏီကြီး ဒေဝါလီခံရမယ့် အဖြစ်မရောက်ရအောင် အမေရိကန်နိုင်ငံသားတွေရဲ့ အခွန်ဆောင်ငွေတွေနဲ့ ကယ်တင်ခဲ့ရာမှာ အဲဒီငွေထဲကအချို့ကို ကုမ္ပဏီအမှုဆောင်လူကြီးတွေအတွက် နှစ်စဉ်ဆုကြေးငွေ ဒေါ်လာသန်းတရာကျော် ထုတ်ပေးခဲ့လို့ သမ္မတ အိုဘားမား အပါအဝင် လွှတ်တော်နဲ့ အမေရိကန် နိုင်ငံသားတွေ ဒေါသူပုန်ထခဲ့ကြပါတယ်။ ဒီအဖြစ်အပျက် သတင်းပေါ်အခြေခံပြီး သမ္မတအိုဘားမား သုံးနှုန်းခဲ့တယ့် အီဒီယံအသုံးအနှုန်းတချို့ကို ဒီတပတ် အင်္ဂလိပ်စာ သင်ခန်းစာအစီအစဉ်မှာ ကောက်နုတ်တင်ပြလိုက်ပါတယ်။

AIG အမှုဆောင်အရာရှိတွေကို အပိုဆုကြေးငွေပေးရာမှာ သူ့အစိုးရအနေနဲ့ ဘယ်လိုမှ ပါဝင်ပတ်သက်ခြင်းမရှိပေမယ့် သမ္မတအိုဘားမား က ဒီပြဿနာကို ဖြေရှင်းပေးဖို့ သူမှာ တာဝန်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီနေရာမှာ သမ္မတပြောဆိုခဲ့တယ့် အီဒီယံအသုံးအနှုန်မှာ buck stop with me ဖြစ်ပါတယ်။

မူရင်းအသုံးအနှုန်းမှာ the buck stop here ဖြစ်ပါတယ်။ The buck စကားလုံးရဲ့ နောက်ကြောင်းရာဇဝင်ကတော့ buck horn ဆိုတဲ့ သမင်ဦးချိုဓားနှောင့် နဲ့ လုပ်ထားတယ့် ဓါးမြောင်ကို ဆိုလိုပါတယ်။ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပါ္ပယ်က သမင်ဦးချိုဓားနှောင့် နဲ့ ပြုလုပ်ထားတယ့် ဓါးမြောင်ဟာ ဒီနေရာမှာ ရပ်ပါလို့ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ဆင်းသက်လာတာကတော့ ကောင်ဗွိုင် (cowboy) ခေတ် ဖဲဝိုင်းတွေက ဖြစ်ပါတယ်။ သူတို့ဖဲဝိုင်းမှာ ဒိုင်လူကြီးလုပ်မယ့်လူက ဘယ်လူလည်းဆိုတာကို အတိအကျသိနိုင်ဖို့ buck horn နဲ့ ပြုလုပ်ထားတယ့် ဓားမြောင် (knief) ဟာ ဒိုင်လူကြီးလုပ်မယ့်လူရဲ့ ရှေ့မှာ ချထားတာဖြစ်ပါတယ်။ ဆိုလိုရင်းက ရှေ့မှာ buck horn knief ချထားတဲ့လူက ဖဲဝိုင်းရဲ့ ဒိုင်လူကြီးလုပ်ရမှာ ဖြစ်ပါတယ်။

The buck stop here ဆိုတဲ့ စကားစုရဲ့ အီဒီယံအဓိပါ္ပယ်က တာဝန်ဟာ အဆုံးမှာ ငါ့မှာရှိတယ်၊ ခေါင်းဆောင်တဦးပီသတဲ့ အင်္ဂါရပ်တခုလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ (၃၃) ဦးမြောက် သမ္မတဖြစ်ခဲ့သူ ဟယ်ရီ ထရူးမန် (Harry Truman) က သူရဲ့ စားပွဲပေါ်မှာ the buck stop here စာတန်းကို ထိုးကပ်ထားပါတယ်။ သမ္မတ ထရူးမန်ရဲ့ ခံယူချက်ကတော့ နိုင်ငံမှာ ဖြစ်ပျက်နေသမျှဟာ အဆုံးမှာ ငါ့မှာ တာဝန်အပြည့်ရှိတယ်ဆိုတယ့် သဘောဖြစ်ပါတယ်။

ဒီအသုံးနှုန်းနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောဆိုခဲ့တာကတော့

"The buck stops with me. My goal is to make sure that we never put ourselves in this kind of position again"
"အဆုံးမှာတော့ ကျနော်မှာ တာဝန်အရှိဆုံးပါ။ ကျနော်ရဲ့ ဦးတည်ချက်ကတော့ ဒီလိုအခြေအနေမျိုး နောက် ဘယ်တော့မှ မကျရောက်ရလေအောင် အသေအခြာ ဟန့်တားပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။"

သမ္မတအိုဘားမား နောက်ထပ်ပြောဆိုခဲ့တယ့် အီဒီယံအသုံးကတော့ to foot the bill ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေပြေစာအတွက် ကျသင့်တာကို ရှင်းပေးတာ၊ ကုန်ကျငွေကို ရှင်းပေးတာ၊ ထုတ်ပေးတာ ဖြစ်ပါတယ် (foot ကို ကြိယာအဖြစ်သုံးစွဲထားပါတယ်)။ ဒီအသုံးက ငွေပြေစာ အောက်ဖက်ပိုင်းမှာ စုစုပေါင်းငွေ ဘယ်လောက်ကျသင့်သလဲဆိုတာကို ပေါင်းထားပြီး အောက်ဖက်နားမှာ ပေးတဲ့လူက လက်မှတ်ထိုးတဲ့ ဓလေ့ကနေ ဆင်းသက်လာခဲ့တာပါ။ အီဒီယံ အဓိပ္ပါယ်ကတော့ အိတ်ထဲကနေ စိုက်ထုတ်ပေးတာကို ဆိုလိုပါတယ်။

ဒီအသုံးနှုန်းနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောဆိုခဲ့တာကတော့

"you've got taxpayers who are having to foot the bill for other people's mistakes."
"တခြားလူတွေရဲ့ အမှားတွေကြောင့် အခွန်ဆောင်သူတွေရဲ့ ငွေနဲ့ အိတ်စိုက်ရမယ့် အဖြစ်မျိုးရောက်နေပြီ။"

နောက်ထပ် သမ္မတအိုဘားမား သုံးနှုန်းပြောဆိုသွားတဲ့ အီဒီယံအသုံးမှာ holding the bag ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုရင် အိတ်ကိုကိုင်ထားလျှက်ရှိနေတာ လို့ဆိုနိုင်ပါတယ်။ ဒီအသုံးအနှုန်း ဆင်းသက်လာတဲ့ သီအိုရီတခုကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံး သမ္မတကြီးဖြစ်တဲ့ ဂျော့ရှ် ဝါရှင်တန် (George Washington) ဗိုလ်ချုပ်ဘဝခေတ်ကလို့ ဆိုပါတယ်။

အမေရိကန် တော်လှန်ရေးခေတ်တုန်းက ဆင်းရဲတဲ့ လယ်သမားများကို Daniel Shays ဆိုသူက ဦးဆောင်ပြီး ပုန်ကန်ထကြွခဲ့တဲ့ Shays' Rebellion လယ်သမားသူပုန်တော်လှန်ရေးကို အစိုးရက နှိမ်နှင်းတဲ့အခါ Daniel Shays နဲ့ ဦးဆောင်သူပုန်ခေါင်းဆောင်တွေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူပုန်လယ်သမားတွေ ကြားထဲက အမိခံ ချေမှုန်းခံရတဲ့ အဖြစ်အပျက်မှာ ဗိုလ်ချုပ်ကြီး ဂျော့ရှ် ဝါရှင်တန် ရဲ့ လက်ထောက် စစ်အရာရှိ Royall Taylor က သူပုန်ခေါင်းဆောင် Shays ကတော့ ထွက်ပြေးသွားပြီး ကျန်တဲ့လူတွေကတော့ left the bag to hold ဆိုပြီး တင်စားပြောဆိုခဲ့တဲ့စကားမှ ဒီအသုံးအနှုန်း ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။

ဆိုလိုချက်က တကယ်လုပ်သူကတော့ လွတ်မြောက် ထွက်ပြေးသွားပြီး ဘာမသိညာမသိလူတွေကတော့ လက်ပူးလက်ကြပ် အမိခံလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာစကားမှာ ဘုမသိဘမသိ ခံလိုက်ရတယ့် အသုံးအနှုန်းနဲ့ တူညီပါတယ်။

ဒီအသုံးနှုန်းနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောဆိုခဲ့တာကတော့

"A situation where excess greed, excess compensation, excess risk-taking have all made us vulnerable and left us holding the bag."
"အခြေအနေကတော့ လောဘဇောတိုက်တာ၊ ဆုကြေးငွေတွေ မတန်မဆပေးယူတာ၊ အကြောက်တရားမရှိ အရဲစွန့်လုပ်ကြတာတွေကြောင့် ကျနော်တို့အားလုံး အကာအကွယ်မဲ့ဖြစ်ကြပြီး ဘုမသိဘမသိနဲ့ ခံကြရတယ့် အခြေအနေရောက်နေပါပြီ။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG