သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးစုလက်နက်ကိုင်များနဲ့ ဆွေးနွေးနိုင်ရေး မြန်မာစစ်အစိုးရ ထိုင်း အကူအညီတောင်း


လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဖြေရှင်းရေး အပါအဝင် နှစ်နိုင်ငံ အရေး ကိစ္စတွေကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ၂ ရက်ကြာသွားတဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) ဟာ ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံခြားရေးဌာနမှာ သတင်းထောက်တွေကို တယ်လီဖုန်းပေါ်ကနေ တဆင့် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးကို ဆက်သွယ် မေးမြန်းပြီး တင်ပြပေးထား ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ တာဝန်ရှိသူတွေနဲ့တွေ့တော့ ဘာအကြောင်းတွေကို အဓိက ဆွေးနွေးဖြစ်ပါသလဲ။

“ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွေ တိုးတက်အောင်လုပ်ဖို့ဆိုပြီး မြန်မာနိုင်ငံကို
၂ ရက်ကြာသွားခဲ့တဲ့ ခရီးစဉ်ထဲမှာ မြန်မာစစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီ ဦးဉာဏ်ဝင်း စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ပြီး မြန်မာပြည်က နိုင်ငံရေးပြဿနာတွေ၊ ထိုင်းကိုရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကိစ္စတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးတယ်ဆိုတဲ့နေရာမှာ မြန်မာ စစ်အစိုးရ ဘက်က သူ့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအဆင့်တခုဖြစ်တဲ့ ရွေးကောက်ပွဲတွေလုပ်ဖို့ ရှိနေတယ်ဆိုပြီး သူ့ကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။ ဒါကလည်း တချို့က တွက်နေကြသလို ဒီခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေးကိစ္စဆိုပြီး အစောပိုင်းမှာ ယေဘုယျ ပြောထားပေမဲ့ နှစ်နိုင်ငံကိစ္စထက် နိုင်ငံရေးကိစ္စ၊ အထူးသဖြင့် လာမယ့်နှစ် မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကိစ္စတွေကို မြန်မာစစ်အစိုးရဘက်က သွယ်ဝိုက်ပြီး ထိုင်းအစိုးရကို တဆင့်ပြောချင်လို့ ဒီလိုလုပ်ပုံရတယ်လို့ ယူဆလို့လည်း ရပါတယ်။

“ရွေးကောက်ပွဲတွေမှာ အတိုက်အခံအင်အားစုတွေ ပါနိုင်မယ့်အခြေအနေ မရှိဘဲ ဖြစ်နေတာတွေ၊ ရွေးကောက်ပွဲဟာ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမလဲဆိုတာတွေကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေတာပါ။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းက ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့က တိုက်တွန်းထားသလိုပဲ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့် ရှိဖို့အတွက် ထိုင်းဘက်ကလည်း လိုလားတဲ့အကြောင်း ပြောသွားပါတယ်။ ဒီလို အားလုံးပါဝင်တဲ့နေရာမှာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတွေပါ ပါဝင်အောင်
မြန်မာ စစ်အစိုးရဘက်က ကြိုးစားနေတယ်ဆိုပြီး သူ့ကိုပြောတယ်လို့ ပြောပါတယ်။”

အဲဒီတော့ ဒီလိုမျိုး တိုင်းရင်းသားအရေးမှာ ထိုင်းနိုင်ငံဘက်က ဘယ်လိုမျိုး ကူညီစေချင်တဲ့ သဘောပါလဲ၊ မြန်မာဘက်က နေ ပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရမယ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့လည်း ငြိမ်းချမ်းရေးယူပြီး ပါဝင်လာနိုင်အောင် မြန်မာစစ်အစိုးရဘက်က ကြိုးပမ်းနေပါတယ်တဲ့။ ဒါကိုလည်း ထိုင်းအစိုးရက အကူအညီပေးဖို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့တုန်းကရော၊ နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့တုန်း ကရော သူ့ကိုပြောလိုက်တယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီလိုပြောလို့လည်း ထိုင်းအစိုးရ ဘက်က ဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက် သူတို့ဘက်က အကူအညီပေးမယ်ဆိုပြီး အပြန်အလှန် ကတိပြုခဲ့တယ် ဆိုပြီး ပြောပါတယ်။”

အဓိက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း မြန်မာနိုင်ငံကိုသွားတဲ့ကိစ္စက ရိုဟင်ဂျာကိစ္စ မဟုတ်ဘူးလား၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ရော မြန်မာနဲ့ ထိုင်းနိုင်ငံကြားမှာ သဘောတူညီမှု ဆွေးနွေးဖို့ အဖြေရခဲ့တယ်ဆိုတာမျိုးရော
မပြောဘူးလား။

“ဟုတ်ပါတယ်။ အခု သူ့ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်တခုဖြစ်တဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါသေးတယ်။ သူပြောတဲ့အထဲမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးကလည်း ဒီကိစ္စတွေကို စပြီး ကိုင်တွယ်နေတာရှိသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့လည်း ပူးတွဲဆောင်ရွက်မှုတွေ ရှိနေတယ်။ ပြီးတော့ အခုရောက်လာတဲ့ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်က ဖြစ်တယ်ဆိုပြီး ပြောနေတာတွေ ရှိတာမို့လည်း ဒီလူတွေ ဘယ်ကလာသလဲဆိုတော သေချာစုံစမ်းသွားမယ်၊ ဒီအတွက် ဘန်ကောက်
မှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်းတွေဘက်ကလည်း အကူအညီပေးသွားဖို့ ပြောတယ်လို့လည်း သူက ပြောပါတယ်။

“ဒါပေမဲ့ တကယ်လို့ ဒီလူတွေက မြန်မာနိုင်ငံကဆိုရင်လည်း အဲဒီလူတွေလာတဲ့ဒေသတွေမှာ အလုပ်အကိုင်တွေရအောင် ထိုင်းအစိုးရက ကူညီပြီး ဖန်တီးပေးသွားမယ်။ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကဆိုလည်း အဲဒီဘက်မှာရှိနေတဲ့ ဆင်းရဲ မွဲတေမှု အခြေအနေတွေ လျော့ပါးအောင် ထိုင်းအစိုးရက အကူအညီပေးသွားမယ်ဆိုပြီးတော့လည်း သူက ပြောပါတယ်။”

အဲဒီတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

“အခု ဒီခရီးစဉ် မစခင်ကတည်းက သွားရင် ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စတော်တော်များများထဲမှာ ပါတဲ့အတိုင်း သူတို့ ဆွေးနွေး ဖြစ်ကြပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စ၊ လူမှောင်ခိုကူးတဲ့ကိစ္စ၊ မူးယစ် ဆေးဝါး နှိမ်နင်းရေးကိစ္စတွေ၊ ဒါတွေအပြင် စီးပွားရေးကိစ္စတွေအနေနဲ့ ထိုင်းက ဆောက်ဖို့ရှိတဲ့ တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စတွေ၊ ပြီးတော့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ကို ထိုင်းက ဝယ်နေတဲ့ ကိစ္စတွေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။”

တယ်လီဖုန်းပေါ်ကနေတဆင့်လုပ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံခြားရေးရုံးမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုအောင်လွင်ဦး တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG