သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကိုဖမ်းဆီးမှု ဥပဒေနဲ့မညီ ကုလ လူ့အခွင့်အရေးအဖွဲ့ အသိအမှတ်ပြု


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီးထားတာဟာ မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတာကို လက်ခံသဘောတူတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ arbitrary detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို စုံစမ်းရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့က
ကြေညာချက် ထုတ်ပြန်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ arbitrary detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို စုံစမ်းစစ်ဆေးတဲ့ အလုပ် အမှုဆောင်အဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ သူတို့ဘက်က သဘောထားကို တုံ့ပြန်ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ရှေ့နေလိုက်ပေးနေတဲ့ အမေရိကန်အခြေစိုက် Freedom Now အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရက ဖမ်းဆီးထားတာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူး ဆိုတာကို ကုလသမဂ္ဂကို တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီလိုထုတ်ပြန်ချက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိနိုင်ပါ သလဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ဦးဆောင်လိုက်ပေးနေတဲ့ Freedom Now အဖွဲ့က ရှေ့နေ ဂျားရက်ဒ် ဂျန်ဆာ (Jared Genser) က အခုလိုရှင်းပြပါတယ်။

“ရှေ့ကို ဆက်ပြီး အလုပ်လုပ်ဖို့အတွက် အဆင့်လေးတခုအနေနဲ့ အရေးကြီးတယ်ဆိုတာ ရှင်းပါတယ်။ ဒီ ကုလသမဂ္ဂ အဖွဲ့ မှာ အကဲဖြတ်တဲ့ တရားသူကြီး ၅ ယောက် ပါပါတယ်။ ချီလီ၊ ပါကစ္စတန်၊ ရုရှား၊ ဆီနီဂေါနဲ့ စပိန်တို့ကပါ။ အမေရိကန် ပြည်ထောင်စု နဲ့ ဥရောပနိုင်ငံတွေကတင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံနေရတာကို စိုးရိမ်တယ်လို့ ပြောလာကြတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ပြောဆိုနေပါတယ်။

“စစ်အစိုးရက ဒီအဖွဲ့ကပြောတာကို ဂရုစိုက်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့တင်ပြနေတဲ့ အချက်တွေကို လက်ခံလာတာ ထင်ရှားတဲ့အတွက် ဒါဟာ ရှေ့ဆက်ဖို့အတွက် ထူးခြားတဲ့တိုးတက်မှုလို့ ကျနော်မြင်ပါတယ်” ဆိုပြီး Freedom Now အဖွဲ့က ရှေ့နေ ဂျားရက်ဒ် ဂျန်ဆာက ပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ ဖမ်းဆီးထားတာက နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်တယ်၊ ကုလသမဂ္ဂ က လက်ခံထားတဲ့ ဥပဒေတွေအရရော၊ မြန်မာနိုင်ငံအတွင်းက ဥပဒေတွေနဲ့ပါ ကိုက်ညီမှုမရှိဘူးဆိုတာ အထောက်အထား ပိုပြီး ခိုင်မာလာခဲ့ပါတယ်လို့ ရှေ့နေ ဂျားရက်ဒ် ဂျန်ဆာ က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG