သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ကြားဝင် ဆောင်ရွက်မယ့်ကိစ္စ ကေအန်ယူနဲ့ အက်စ်အက်စ်အေ ကြိုဆို


စစ်အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ စစ်အစိုးရက မေတ္တာရပ်ခံချက်ကို ထိုင်းနိုင်ငံက စေတနာနဲ့ ကူညီခဲ့မယ်ဆိုရင် လက်ခံ ကြိုဆိုကြမှာဖြစ်ကြောင်းနဲ့ ထိုင်းသတင်းမီဒီယာတွေက ရေးသလို လက်နက်ချဖို့တော့
ဖိအားပေးလိမ့်မယ်လို့တော့ မယူဆကြောင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ အက်စ်အက်စ်အေ ရှမ်း လက်နက်ကိုင် အဖွဲ့တို့က တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာတိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ အကူအညီကိုယူပြီး လုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်အပေါ် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ က အခုလို ပြောဆိုပါတယ်။

“အဲဒီအပိုင်းမှာတော့ ကျနော်တွက်တာက နအဖက လုပ်ခိုင်းတိုင်း ထိုင်းက လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း စဉ်းစားစရာ အကြောင်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းက ဒီမိုကရေစီ အဖွဲ့အစည်းတွေရော၊ ကျနော်တို့ကိုရော၊ နအဖကိုရော တလျှောက်လုံး ပေါင်းသင်းလာတဲ့အခါကျတော့ ဘယ်သူနဲ့မှ ရန်ဘက်နဲ့ မတရားသော
အားဖြင့် တဖက်သတ် ဖိနှိပ်ညှဉ်းပန်းပြီးလုပ်တဲ့ အလေ့အထမရှိဘူး။ အဲဒါကတပိုင်း။ တကယ်လို့ နအဖခိုင်းတိုင်း ဖိအားပေးလာခဲ့မယ်ဆိုရင်တော့ ကျနော်တို့က ကျနော်တို့ ရပ်တည်ချက်၊ ယုံကြည်ချက်ကနေ ရွေ့မယ့်အဖွဲ့အစည်း မဟုတ်ဘူး။”

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ အဖွဲ့တွေဖြစ်တာကြောင့် ထိုင်းအစိုးရက ဖိအားပေး ဆောင်ရွက်လာ မယ် ဆိုရင်ရော ဘယ်လိုဖြစ်နိုင်မလဲဆိုတာကိုလည်း ထပ်မေးကြည့်ခဲ့ပါတယ်။

“ထိုင်းကနေ ကျနော်တို့ကို တကယ်ပဲ ဖြတ်တောက်ပိတ်ဆို့ပြီး နောက်ဆုံး ကျနော်တို့ရဲ့ အခြေခံ လူမှုအခွင့်အရေးဆိုင်ရာ တွေက အစ ဆောင်ရွက်လာမယ်ဆိုရင် ကျနော်တို့မှာတော့ အကျပ်အတည်း တွေ့နိုင်တယ်။ သို့သော်လည်း ကျနော်တို့ရဲ့ အဓိက ခရိုင် ၇ ခု၊ တပ်မဟာ ၇ ခုက ထိုင်းနယ်စပ်နဲ့ ပတ်သက်နေတာချည်းပဲ မဟုတ်ပါဘူး။ ၇၀% က အတွင်းနဲ့ပဲ ပတ်သက်နေတဲ့ အပေါ်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ လမ်းရှာပြီး ရပ်တည်သွားမှာပါ။”

ဒါဆိုရင် ထိုင်းက ဘာပဲပြောပြော၊ ဘယ်လိုပဲ ဖိအားပေးပေး မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်ဟာ သက်ရောက်မှုမရှိဘူးလို့ ပြောနိုင်ပါသလားလို့ မေးတော့ …

“အဲဒါကတော့ မှန်ကန်တဲ့ စေတနာ သဘောထားပေါ်မှာ ထိုင်းနိုင်ငံ တကယ်တမ်း အမှန်တကယ်လိုလားတဲ့ မှန်ကန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ စကားပြောမှုမျိုးကို ဆောင်ရွက်မယ်ဆိုရင်တော့ အကျိုးရှိနိုင်တယ်။ သူတို့ မီဒီယာထဲမှာ ဖော်သလို လက်နက်ချခိုင်းဖို့အတွက်သက်သက်၊ ရွေးကောက်ပွဲဝင်ဖို့အတွက် သက်သက်၊ တိုက်တွန်းမှု သက်သက်ပဲဆိုရင်တော့ အဲဒီကိစ္စ ဆောင်မြင်နိုင်ဖို့အကြောင်း မရှိပါဘူး။”

မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော်ဘက်ကတော့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးကို တံခါးဖွင့်ထားတဲ့အတွက် လက်ခံဖို့အသင့်ရှိကြောင်းကိုတော့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ စိုင်မိန်းက အခုလို ပြောသွားပါတယ်။

“ကျနော်တို့ အက်စ်အက်စ်အေအနေနဲ့ ထိုင်းနိုင်ငံက နအဖနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ တွေ့ဆုံနိုင်ရေး အတွက် ထိုင်းအစိုးရ အဆက်ဆက်ကလည်း ကြိုးစားခဲ့ပါတယ်။ အဲဒီစေတနာအပေါ်မှာ ကျနော်တို့ အက်စ်အက်စ်အေ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီလိုမျိုး တွေ့ဆုံဖို့အတွက်လည်း ကျနော်တို့က အမြဲတမ်း လမ်းဖွင့်ထားပါတယ်။ နအဖနဲ့ဆွေးနွေးဖို့လည်း အမြဲတမ်း ကျနော်တို့ ကမ်းလှမ်းခဲ့ဖူးပါတယ်၊ လမ်းဖွင့်ထားပါတယ်။”

အဲဒီလိုတွေ မဖြစ်လာဘဲ မြန်မာစစ်အစိုးရဘက်က လက်နက်ချရေးကိစ္စကိုသာ ဆွေးနွေးလာမယ်ဆိုရင်ရော အက်စ်အက်စ်အေ အနေနဲ့ ဘယ်လိုစဉ်းစားထားပါသလဲလို့ မေးကြည့်တဲ့အခါမှာတော့ …

“ကျနော်တို့ လက်နက်စွန့်ဖို့ကိစ္စတော့ မရှိပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံကလည်း ဒီလိုမျိုးအတွက်တော့ စဉ်းစားမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံက တဖက်တလမ်းက ဒီလိုမျိုး မြန်မာ့နိုင်ငံံရေးအခြေအနေကို ကူညီချင်တယ်ဆိုရင် သူတို့ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအရင်းအမြစ်ကို သိရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့် ဒီလိုမျိုး ဖိအားပေးလာဖို့ဆိုတာတော့ ထိုင်းအစိုးရအနေနဲ့ ပြန်လည် သုံးသပ်ရမယ်လို့ပဲ မြင်ပါတယ်။”

ဒါပေမဲ့လည်း နယ်စပ်မှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ထိုင်းနယ်စပ်ကို အမှီပြုပြီး စားနပ် ရိက္ခာကအစ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေ လုပ်ဆောင်ရတာကြောင့် ထိုင်းနိုင်ငံက မဖြစ်မနေ ဖိအားပေးလာမယ်ဆိုရင် ရော လက်ခံနိုင်မလားလို့ မေးတော့ …

“ထိုင်းနိုင်ငံက ရှမ်းပြည်နဲ့ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ဖြစ်စေ အိမ်နီးနားချင်းနိုင်ငံလည်း ဖြစ်တယ်။ ဒါဟာ အတွင်းရေး နိုင်ငံရေးပိုင်းဖြစ်တဲ့အတွက်ကြောင့် သူတို့ တဘက်တလမ်းက ကူညီဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ဒီလို ဝင်ရောက် စွက်ဖက်တဲ့အပိုင်းမှာ သူတို့လည်း လုပ်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူး။ လုပ်ရင်လည်း ကျနော်တို့ လက်ခံမှာ မဟုတ်ပါဘူး။”

ထိုင်းနယ်စပ်က လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG